တရားပွဲအစီအစဉ်များ

ဗိုလ်တထောင်မြို့နယ် အမှတ် ( ၆ ) ရပ်ကွက် ၊ ၄၃ လမ်း ၊ အောက်လမ်း တွင်
ကျင်းမမည့်
ပထမအကြိမ်မြောက်တရားပွဲ

၁၆ - ၁ - ၂၀၁၂ ခု တနလာင်္နေ့ တွင် အရှင်ဇေယျာပဏ္ဍိတ        ( ပိုင်းလော့ - ဆရာတော်  )

၁ရ - ၁ - ၂၀၁၂ ခု     အင်္ဂါနေ့ တွင် အရှင် ပညိဿရ              ( ဓမ္မဒူတ - ဆရာတော် )

၁၈ - ၁ - ၂၀၁၂ ခု  ဗုဒ္ဓဟူးနေ့ တွင် အရှင် ဒေါက်တာကောဝိဒ   ( မဇ္ဈိမဂုဏ်ရည် - ဆရာတော် )

တရားပွဲကျင်းပမည့်နေရာ ။      ။ ၄၃ လမ်း ( အောက်လမ်း )
တရားပွဲကျင်းပမည့်အချိန် ။      ။ ညချမ်း ( ရ ) နာရီ


မေမေ့အတွက်လွမ်းတေး

   ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား
ဗုဒ္ဓ၀ံသရက္ခိတ   အသင်း
ရဟန်းလောင်း ( ၁၈ ) ပါး ၊ ရှင်သာမဏေ ( ၁၀၈ ) ပါး ၊ သီလရှင် ( ၂၇ ) ပါး
သာသနာဘောင်သို့သွတ်သွင်းချီးမြင့်ပွဲ       



မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ပေါက်တောကျေးရွာ ၊ တောရစာသင်တိုက်
မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒ န္တသောဘဏ ဆရာတော်ကြီး၏ ပ၇ဟိတတုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်း မိဘမဲ့ ၇င်သွေးငယ်များ နှင့် ဆင်းရဲနွမ်းပါးသောမိဘများ ၏ ရင်သွေးငယ်များအား ဆရာတော်ကြီး ၏ သြ၀ါဒနှင့်အညီ ထေရ၀ါဒဗုဒ္ဓဘာသာယဉ်ကျေးမှုအဆုံးအမများကို သက်ဝင်ယုံကြည်စေရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီး  မှ
မြန့်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ၁၃၆၉ တပေါင်းလပြည့်ကျော် ( ၂ ) ရက် ၂၃ ၊ ၃ ၊ ၂၀၀၈ တနင်္ဂနွေနေ့ က စည်းကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါသည်။

ဗိုလ်တထောင်စေတီတော်အတွင်း၌ တည်ထားကိုကွယ်ထားသော

ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား

ဗုဒ္ဓ၀ံသရက္ခိတ အသင်း လူငယ်များ၏

ဆဋ္ဌမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် သီးစုံဒါန်ပေါက်လှူဒါန်းပွဲ


                                                
      ဗုဒ္ဓ၀ံသရက္ခိတအသင်း

             ဆဋ္ဌမအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်စတုဒီသာ လှူဒါန်းပွဲ အစီအစဉ်

    ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး ၏ သြ၀ါဒါစရိယ အရှင်ဆန္ဒဓိက ( ရွှေပါမီတောရ ) ဆရာတော်ဘုရားအား " ၀ါဆိုသင်္ကန်း "ဆက်ကပ်

   လှူဒါန်းမည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

   ဥပှသ်စောင့်ယောဂီများအားလည်းသီးစုံဒန်ပေါက်ဖြင့်ကျွေးမွေးဧည့်ခံမည် ဖြစ်ကြောင်းဖိတ်ကြားလိုက်ရပါသည်။


                                            အစီအစဉ်

          နေ့ရက်  ။            ။ ၀ါဆိုလပြည့် ( ဓမ္မစကြာအခါတော်နေ့ )

          အချိန်    ။            ။ နံနက် ( ၉း ၀၀ ) နာရီမှ ( ၁၂း ၀၀ ) နာရီအထိ

          နေရာ    ။            ။ ဗုဒ္ဓ၀ံသရက္ခိတအသင်း

                                    ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား

                                   ဗိုလ်တထောင်စေတီတော်။

 ဗိုလ်တထောင်စေတီတော် 

ဇမ္ဗူဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား
ဗုဒ္ဓပူဇနိယပွဲတော်

ဗုဒ္ဓ၀ံသရက္ခိတအသင်း

ပဉ္စမအကြိမ်မြောက် အထူးတရားပွဲ မှတ်တမ်းဓါတ်ပုံ

Anemia and Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ

31 Dec 10, 18:59
ကျွန်တော် သွေးထွက်လွန်ရာကနေ သွေးပေါင်ကျ သွေးနီဥနည်းတာ လတော်တော်ကြာတယ်။ ခု ပြန်ကောင်းလာပါပြီ။ ဒါပေမယ့် လူက ကြာကြာ အာရုံမစိုက်နိုင်တော့ဘူး။ ခါတိုင်း စာအုပ်ထူကြီးတွေ တစ်နေကုန် ထိုင်ဖတ်နိုင်တယ်။ အခု သူများစကားပြောရင်တောင် ကြာလာရင် အာရုံစိုက်ရ ခက်ရော။ ခေါင်းထဲမှာ အတွေးတွေက တစ်ခုမဟုတ်တစ်ခု ရှိရှိပြီး လူက အတွေးနယ်ထဲ ရောက်နေတယ်။ သွေးအားနည်းလို့ ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်နည်းလို့ ဖြစ်တာလားလို့။ ဒါပေမယ့် သွေးအားနည်းတာလဲ ပျောက်သွားပြီ။ သွေးပေါင်လဲ ပုံမှန်ပါ။ ဘာလုပ်ရမလဲဆရာ။

မေးတဲ့သူပြောတာ အမှန်ဘဲ။ သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် Blood pressure ကျနေမယ်။ လူက နေမကောင်း ဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာလဲ ကုလိုက်ရင် သွေးဖိအား ပြန်ကောင်းမယ်။ ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေးတာပါ။

ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood pressure (BP) “သွေးဖိအား” ဆက်စပ်တာလေး နဲနဲ သိဘို့ လိုတယ်။ သွေးဖိအားကို တချို့က “သွေးပေါင်ချိန်” လို့ ခပ်လွယ်လွယ်ခေါ်တာ နုတ်ကျိုးနေကြတယ်။ “သွေးဖိအား” ဆိုမှ မှန်တယ်။ အရေအတွက်၊ ပမာဏ၊ အတိုင်းအတာတွေကို ပြောရင် ကိန်းဂဏန်းတွေရဲ့ နောက်မှာ (ယူနစ်) တခုခု ထည့် ပြောရတယ်။

“အရပ် ၅ ပေခွဲ ရှိတဲ့ မွေးလူနာ ရောက်လာတယ်။ ကိုယ်အပူချိန် ၉၈့၆ ဒီဂရီ ဖါရင်ဟိုက် နဲ့ နှလုံးခုန်နှုန်း တမိနစ်မှာ ၈ဝ ရှိတယ်။ သွေးဖိအား တိုင်းတော့ 100/70 mmHg ရှိတယ်။ ကြာနေလို့ 5% Dextrose 500 cc ထဲမှာ သားအိမ်ညှစ်အား ကောင်းတဲ့ဆေး Oxytocin 2 ml တလုံးထည့်ပြီး သွင်းပေးတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်္ဘာ ၂၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ သူမွေးလိုက်တဲ့ ကလေးက ၅ ပေါင် ၈ အောင်စ လေးတယ်။ ကလေးခေါင်းက ၃၂ စင်တီမီတာရှိတယ်။ အလှူငွေ ၅ဝဝ ရူပီး ထည့်သွားလို့ ကျေးဇူးတင်တယ်။”

ဒီမှတ်တမ်းထဲမှာ ယူနစ်တွေ အမျိုးမျိုး တွေ့ရပါမယ်။ သွေးဖိအား ကို mmHg ဆိုတာနဲ့ မှတ်သားပါတယ်။ mm ဆိုတာ မီလီမီတာ၊ Hg ဆိုတာ (မာကျူရီ)။ သွေးဖိအားတိုင်းကရိယာမှာ မာကျူရီ ခေါ်တဲ့ ပြဒါးပါပြီး၊ ဖန်ပြွန်လေးမှာ ရေးမှတ် ထားတာတွေက မီလီမီတာတွေမို့ (မီလီမီတာ-မာကျူရီ) ဆိုပြီးရေးရတာ ဖြစ်ပါတယ်။ ပေါင် နဲ့ မဟုတ်ပါ။

သွေးဖိအား အနည်း-အများကို BP နဲ့ တိုင်းရပေမဲ့ သွေးအား အနည်း-အများကိုတော့ လူကို ကြည့်လိုက်ရင် အသားအရေ ဖြူဖွေးနေတာ မြင်ရမယ်၊ ခေါင်းမူးတယ်၊ အလုပ်လုပ်ရင် မောတယ်၊ စသဖြင့် (ကွန်ပလိန့်) လုပ်မယ်။ ဓါတ်ခွဲခန်းမှာ သွေးစစ်မှ တိတိကျကျ သိရလိမ့်မယ်။ အဖြေထွက်ရင် Hb (ဟီမိုဂလိုဘင်) ဘယ်လောက် ရှိတယ်ဆိုတာ ပါလာမယ်။
• မွေးစကလေး = 17-22 gm/dl
• ကလေး = 11-13 gm/dl
• လူကြီး-ယောက်ျား = 14-18 gm/dl
• လူကြီး-မိန်းမ = 12-16 gm/dl

နောက်ပြီး လူကြီးတယောက်မှာ သွေးထုတည် ၅ (၄့၇) လီတာ ရှိတယ်။ Drip ပုလင်း ၁ဝ ပုလင်းပေါ့။ လူ့သွေးဆိုတာ ကြည့်ရင်တော့ အရည်၊ သေသေခြာခြာ စစ်ရင် အရည်ထဲမှာ အခဲတွေလဲ ပါတယ်။ အခဲဆိုတာတွေက သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ ဖြစ်တယ်။ အချိုးအဆက အခဲ ၄၅% နဲ့ အရည် ၅၅%။ သွေးရဲ့အလုပ်က အာဟာရ နဲ့ အောက်စီဂျင်တွေကို သယ်ပို့ ပေးတာနဲ့ မလိုတာတွေကို ပြန်စွန့်တာလဲ လုပ်ပါတယ်။ အပူချိန်ကိုလဲ ထိန်းညှိပေးသေးတယ်။ နောက်ပြီး ရောဂါဘယ တွေကို တိုက်ထုတ်တာမှာလဲ သူပါသေးတယ်။

“တောင်ပေါ်-မြေပြန့်၊ တမြေထဲနေ-တရေထဲသောက်၊ တသွေးထဲ-တသားထဲ” ဆိုတာ အင်မတန်ကောင်းလှတဲ့ နိုင်ငံရေး (စလိုဂင်) ဖြစ်ပါတယ်။ ကွာတာလေး ထောက်ပြရင် တမျိုး မထင်ကြပါနဲ့။ အမြင့် နေရသူတွေမှာ သွေးပိုကြတယ်။ သူတို့မှာ သွေး ၁ လီတာကနေ ၁့၉ လီတာ ပိုရှိကြတယ်။ ပြောခဲ့သလို အောက်စီဂျင် သယ်ပို့တာ လုပ်ရတော့ အထက် ရောက်လေ လေပါးလေမို့၊ လိုတာ လုပ်နိုင်အောင် ပိုတာ ဖြစ်လာစေပါတယ်။

နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နေတာက လက်ထဲမှာ စပရင်ထည့်ပြီး လက်မောင်း ကြွက်သား သန်မာအောင် လုပ်နေသလိုဘဲ။ ညှစ်လိုက်၊ လျှော့လိုက်။ မီးသတ်ပိုက်ကနေ ရေပန်းသလို မဟုတ်ပါ။ ညှစ်တဲ့အခါ Heart valves အဆို့ရှင်တွေ ဖွင့်တာ-ပိတ်တာနဲ့ နှလုံးထဲက သွေးတွေက Turbulence လှိုင်းတွေလို ဖြစ်တော့ Heart sounds နှလုံးခုန်သံဆိုတာ ဖြစ်လာစေတယ်။ ဗိုက်ထဲက ကလေး နှလုံးခုန်သံကို Doppler ကရိယာနဲ့ နားထောင်တော့ ကိုယ်ဝန် ၉-၁ဝ ပါတ် ရှိမှသာ ကြားနိုင်ပေမဲ့၊ သန္ဓေသား ၅ ပါတ်ကတည်းကနေ စခုန်တယ်။ သေဆုံးတဲ့အထိ မရပ်မနား ခုန်နေတယ်။

အဲလို နှလုံးက ညှစ်ထုတ်တဲ့အခါ သွေးတွေကနေ သွေးလွှတ်ကြောနံရံအပေါ်မှာ သက်ရောက်နေတဲ့အား ဘယ်လောက် ရှိလဲ တိုင်းတာကို Blood pressure သွေးဖိအားလို့ ခေါ်လိုက်တယ်။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာပါ။ နှလုံး တခါ ခုန်တာမှာ နှစ်ခါ ပြောင်းတယ် ပြောရမှာဘဲ။ နှလုံးညှစ်ချိန်မှာ ရှိတဲ့အားက များတာပေါ့။ မညှစ်တဲ့ချိန်မှာလဲ နည်းပေမဲ့၊ ဖိအားက ရှိနေတာမို့ သုညတော့ မဟုတ်ဘူး။ အပေါ်ဂဏန်းခေါ်တဲ့ များတာကို Systolic pressure အောက်ဂဏန်း၊ နည်းတာကို Diastolic pressure လို့ ခေါ်တယ်။

Blood pressure ကို သက်ရောက်စေတာတွေက အလွန့်အလွန် များတယ်။ ကြီးတာက စရရင် ကမ္ဘာ့ဆွဲအား၊ ကျား-မ၊ အသက်၊ လှုတ်ရှားမှု၊ စတာတွေ အားလုံးထဲမှာ သွေးအားနည်းတာနဲ့ တိုက်ရိုက် ဆိုင်တာတွေက သွေးအပျစ်-အကျဲ နဲ့ သွေးထုတည်။

လူတယောက် ဘာလို့ သွေးအားနည်းရလဲ။ လွယ်လွယ်လေးပြောရရင် သွေးယို-သွေးသွန်လို့ပါ။ (သွားဖုံး၊ နှာခေါင်း၊ ဆီးထဲ-ဝမ်းထဲ) ဘယ်ကပါပါ၊ (အနာ-ဒဏ်ရာ၊ မီးဖွါး၊ ကလေးပျက်၊) ဘာကြောင့် ထွက်ထွက်၊ သွေးအား နည်းမယ်။ အခု ထွက်ရင် အခု သွေးအားနည်းမယ်။ ဖြစ်နေတာကြာသူတွေမှာ နာတာရှည် သွေးအားနည်းတာ ဖြစ်မယ်။ ဒီလူနှစ်ဦး မတူကြဘူး။

“လူတွေဟာ အင်မတန် ကောင်းလွန်းတဲ့ စက်တွေထက် သာလွန်တယ်။” ကွန်ပြူတာတွေမှာ Auto ဆိုတာတွေ ရှိတယ်။ Windows automatic updates, Automatically logon the user စသဖြင့်။ ဒါပေမဲ့ လူတွေရဲ့ (အော်တို) ကို လိုက်မမီပါ။

ဆိုပါစို့ လူတယောက်ကနေ သွေး ၂ ပုလင်းစာ၊ ၁ လီတာလောက် ယိုထွက်-ကုန်ခမ်းသွားမယ်။ သူ့မှာ နေကောင်းတုံးက ၁ဝ ပုလင်း ရှိခဲ့တော့ ၈ ပုလင်းဘဲ ကျန်တော့မှာပေါ့။ ချက်ချင်း သွေးဖိအား ကျတော့မယ်။ ပြောခဲ့သလို ကွန်ပြူတာထက် ကောင်းတဲ့ သမမျှတနေစေအောင် စီမံမှုစနစ် Homeostasis ကနေ အရည်ထုထည်ကို ၁ဝ ပုလင်းစာ ပြန်ရှိလာအောင် အပြင်းအထံ ကြိုးပမ်းတော့တယ်။

သွေးထုထည်ကို သုံးမျိုးကနေ အဓိက လုပ်ပေးတယ်။ Cardiac output နှလုံးသွေးထုတ်နိုင်စွမ်း၊ Blood volume သွေးထုထည် နဲ့ Tissue perfusion တစ်ရှူးတွေရဲ့ စိမ့်ထွက်နိုင်စွမ်းတွေက သံကြိုးကွင်းဆက်တွေ ဖြစ်တယ်။ သွေးပမာဏ ကျသွားရင် နှလုံးကထုတ်နိုင်တာ လျှော့လို့ ရင်းစားပြန်ရအောင် တစ်ရှူးထဲက အရည်တွေကို ထုတ်သုံးတယ်။

အရည်တွေကို သွေးထဲ စုပ်ယူလို့ ထုထည်တော့ ပြည့်ပါရဲ့ သွေးနီဥတွေကို အချိန်မီ ထုတ်မပေးနိုင်သေးတာမို့ အခဲကနည်း အရည်က များလို့ Haemodilution သွေးကျဲတယ် ဆိုတာ ဖြစ်လာတယ်။ ရေရောတဲ့ ယမကာ သောက်ရသလို အရက်သမား မမူးပါ။ သွေးအား နည်းသူကတော့ မူးလိမ့်မယ်။ အလုပ် ပုံမှန်မလုပ်နိုင်၊ လှုတ်ရှားရင် မောလွယ်မယ်။

သွေးထုထည် တိုးလာတာနဲ့ သွေးဖိအား လိုက်တက်လာမယ်။ သွေးဖိအားကို ထိန်းညှိတဲ့ တခြား ရှုတ်ထွေးတဲ့ အစီအမံ တွေကလဲ လိုက်လုပ်ပေးတယ်။ တချိန်မှာတော့ လူနာဟာ BP တိုင်းကြည့်ရင် (နော်မယ်လ်) ဖြစ်လာလိမ့်မယ်။ ခက်တာက သူ့ကိုယ်က ပုံမှန် မရောက်သေးပါ။ ဘာတွေလိုသေးလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ။

သွေးနီဥရဲ့ ပင်မ တာဝန်က သွေးကို သန့်အောင်လုပ်ပေးတာ ဖြစ်တယ်။ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို သွေးနီဥမှာ ပါတဲ့ (ဟီမိုဂလိုဘင်) နဲ့ သွားပေါင်းပေးရတယ်။ လူတယောက်ရဲ့ သွေးတစက် (၁ စီစီ) ထဲမှာ သွေးနီဥပေါင်း ၅ သန်း၊ အဖြူ ၅ ထောင်ကနေ ၁ သောင်း၊ သွေးမှုံ ၂ သိန်းကနေ ၃ သိန်းပါတယ်။ သွေးအရည်ပိုင်း (ပလာစမာ) ထဲမှာ အာဟာရအပြင် ဓါတ်ဆားတွေလဲ ပါသေးတယ်။ သွေးအားနည်းနေသူဟာ လူပုံလူပမ်း မပိန်ရင်တောင် လေးချိန်က လျှော့နေမယ်။ ကိုယ်အလေးချိန်ရဲ့ ၁၁ ပုံ ၁ ပုံက သွေးကြောင့် လေးတာဖြစ်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်တာမို့ လေးပါတယ်။

ဒါ့ကြောင်း သွေးယိုလို့ သွေးအားနည်းနေသူကို သွေးသွင်းတာ အကောင်းဆုံးဖြစ်တယ်။ Drip သွင်းတာဟာ အရေးပေါ်သာ ကောင်းပြီး၊ သွေးထုထည်ကိုတော့ များလာမှာမို့ (ပရက်ရှာ) တက်လာပေမဲ့ သွေးကျဲနေမယ်။ ဆေး၊ အာဟာရတွေနဲ့ ကုစားရင် အချိန်ယူရလိမ့်မယ်။ ကြားထဲကာလမှာ လူမမာသာ ဖြစ်နေအုံးမယ်။ ခြေလက် အေးစက်နေမယ်။ မျက်နှာတွေ၊ နုတ်ခမ်းတွေ ဖြူရော်နေမယ်။ Pulse လက်ကောက်ဝတ် သွေးခုန်တာ မြန်နေမယ်။ လိုတာ မီအောင် နှလုံးက ပိုလုပ်ပေးနေရလို့ပါ။

နေကောင်းတုံးကလို ရှိသမျှသွေးက တကိုယ်လုံး အနှံ့ ညီတူ-မျှတူ မဝေနိုင်ဘူး။ စိတ်ဝင်စားဘို့ ကောင်းတာက ဗဟိုကျတာ-အရေးပါတာတွေကိုသာ ဦးစားပေးရတော့တယ်။ ခြေဖျား-လက်ဖျား၊ နားရွက်နားတွေထက် နှလုံး၊ ဦးနှောက် ကျောက်ကပ်တွေကို မျက်နှာလိုက်တယ်။ Conflicts of interest “အကျိုးစီးပွါး ဝိရောဓိ ဖြစ်တယ်” ဆိုတာ နိုင်ငံရေး နဲ့ စီးပွါးရေးမှာသာ ရှိတာ မဟုတ်ပါ။ ဇီဝကမ္မဗေဒ မှာလဲ ရှိတာဘဲ။

သံဓါတ်အားဆေး၊ ဖေါလစ်အက်စစ် သောက်ရမယ်။ သံဓါတ်ကြွယ်တဲ့ အစားတွေ စားရမယ်။ ဗီတာမင်တွေလဲ လိုမယ်။ နားရအုံးမယ်။ ကောင်းလာပါလိမ့်မယ်။ တောင်ပေါ်တော့ မတက်နဲ့အုံး။

Dr. တင့်ဆွေ
၁-၁-၂ဝ၁၁

Hypertension or High Blood Pressure သွေးတိုးရောဂါ

သွေးတိုးရှိနေသူပေါင်း တကမ္ဘာလုံးမှာ ၁ ဘီလီယမ် လောက်တောင်မှ ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို ခေါ်ပါတယ်။

သွေးဖိအား တိုင်းတဲ့ ကရိယာကို Sphygmomanometer လို့ခေါ်တယ်။ နာမယ်က ရှည်လို့ ဆရာဝန်-ဆရာမတွေက အဲလို မခေါ်ကြဘူး။ BP cuff (Blood Pressure cuff) လို့သာ ပြောကြတယ်။

“သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ” ထဲမှာ (ဒစ်ဂျစ်တယ်လ်) ကရိယာအကြောင်း ရေးခဲ့တယ်။ “သမားရိုးကျ” ဆိုတာ ဒီနေရာ မှန်နေတယ်။ သမားတွေ သုံးနေကျက ပြဒါးနဲ့ ကရိယာပါ။ ဖတ်ရတဲ့ ဂဏန်းကို mmHg (မီလီမီတာ-မာကြူရီ) နဲ့ ရေးမှတ်ရတာကလဲ အထဲမှာ ပြဒါးပါလို့ ဖြစ်ပါတယ်။

ကရိယာရဲ့ လက်မောင်းပတ်၊ အထဲက ရာဘာအိတ် ပါတဲ့ အဝတ်စကို လက်မောင်း တဖက်ဖက်မှာ သေသေ ခြာခြာပတ်ပါ၊ အဲဒီ လက်မောင်း အတွင်းဘက်က သွေးလွှတ်ကြောကို ထိထိမိမိ ဖုံးနေစေရမယ်။ လက်ဖြန်နေရာကို နားကြပ်နှင့် နားထောင်နိုင်ဘို့ နေရာချန် ပေးထားရမယ်။ ကရိယာဟာ လူနာရဲ့ နှလုံးနေရာနဲ့ ရေပြင်ညီ တတန်းတည်း ထားပြီး တိုင်းရတယ်။ မတိုင်းခင် လူနာကို စိတ်အေးလက်သာ ရှိစေဘို့ အာရုံပြောင်းပေးတာမျိုး လုပ်သင့်တယ်။ “စီးပွါးရေး အဆင်ပြေလား” တော့ မမေးနဲ့ပေါ့။

သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီး ရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊ အောက်ဂဏန်းကတော့ သာမန်အချိန်မှာ ရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂ ခါတိုင်းတာ ကောင်းတယ်။
• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း ၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊
• သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ နဲ့အထက်။

သွေးတိုးရောဂါ နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်း တိတိကျကျ မသိရဘဲ ဖြစ်တယ်။ Essential hypertension လို့ ခေါ်တယ်။ Secondary hypertension ခေါ် အမျိုးအစားမှာတော့ ကျောက်ကပ်ရောဂါ၊ သွေးလွှတ်ကြောမကြီး ရောဂါ၊ ကျောက်ကပ် အထက်မှာရှိတဲ့ (အဒြီနယ်လ်-ဂလင်း) ရောဂါတွေကြောင့် ဖြစ်ရတယ်။ NSAIDs အနာ-အကိုက်ပျောက်ဆေး နဲ့ Steroids စတီရွိုက်-ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ်။ Sleep apnea အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ်။

ရောဂါ-လက္ခဏာတွေ
ဘာလက္ခဏာမှ မပြသူက ပိုများတယ်။ ခေါင်းမူး၊ ခေါင်းကိုက် မျက်စိဝါး၊ အန်တာ ဖြစ်နိုင်တယ်။ သွေးထဲမှာ Seruam Creatinine များနေတာကို စမ်းတွေ့ရမယ်။ ဆီးထဲမှာလဲ Albumin (ပရိုတင်း) ပါနေနိုင်တယ်။ အသက် ၄ဝ-၇ဝ နှစ်ကြား လူတွေ အထက်သွေး ၂ဝ တိုးတိုင်း၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံး-သွေးကြောရောဂါ ဖြစ်စရာ ၂ ဆတိုးလာတယ်။

သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေ
• နာတာရှည် သွေးတိုး ဖြစ်လာရင်၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံ ထူ-မာလာမယ်၊ နှလုံးသွား Coronary artery သွေးလွှတ်ကြော ကျဉ်းလို့ Myocardial infarction နှလုံးသွေးကြောကျဉ်း-ပိတ်နိုင်တယ်၊ အဲလိုဖြစ်လို့ Chest pain ရင်ပတ် အလွန်နာတာကို Heart attack ရတယ်လို့ ခေါ်တယ်။
• အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါ တခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ ECG နဲ့ သိနိုင်တဲ့ Left ventricular hypertrophy နှလုံးဘယ်ဘက် အောက်ခန်းကြီးတာ ဖြစ်တတ်တယ်။
• ဦးနှောက် သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ် မလုပ်နိုင်တော့ဘဲ Paralysis လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ်။ ၈၅% က သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ်။
• Cognitive impairment and Dementia မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ်။
• မျက်စိထဲက အရုပ်ထင်တဲ့နေရာ Retina သွားတဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ်။
• ကျောက်ကပ်-ရောဂါ ဝင်လာနိုင်တယ်။
• ခြေဖျား-လက်ဖျား သွေးမလျှောက်လို့ Gangrene အနာဖြစ်တတ်တယ်။

သွေးတိုး-ရောဂါကို ဘယ်လို ကုမလဲ
ဆရာဝန်တွေက အတော်ညံ့ကြတယ်။ ပျောက်အောင် မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီး သိရင် ကောင်းတယ်။ နောက်ဆက် ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်။ သွေးကျဆေး အမျိုးမျိုးရှိတယ်။ အလွန် အရေးပါတာ အစားအစာ။ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက ပိုဆိုးစေသည်။ လေ့ကျင့်ခန်း လုပ်ရင် သက်သာမယ်။

Antihypertensive သွေးကျဆေး အမျိုးမျိုး
1. Diuretics ဆီးသွားစေတဲ့ဆေး အုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone
2. Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol
3. ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril
4. Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan
5. Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine
6. Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine

• သွေးကျဆေး တမျိုးမက ရောပေးပါမယ်။
• နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊ နှလုံးသွေးကြော ကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။
• နှလုံးခုန် မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကို သုံးသင့်တယ်။
• ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။
• ကိုယ်ဝန် သွေးဆိပ်တက်ရောဂါ Preeclampsia (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေ ပေးနိုင်တယ်။ ACE inhibitors, ARB drugs, and Diuretics တွေကို မပေးရပါ။
• သွေးတိုး များလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကို ပေးနိုင်တယ်။
• အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေး ထိုးပေးနိုင်တယ်။

သွေးတိုးနဲ့ အစားအစာ
• “အစားမတော် တလုပ်” ဆိုတာ ဒီနေရာမှာလဲ မှန်တယ်။ Dietary Approaches to Stop Hypertension (DASH) ဆိုတဲ့နည်းကို အမေရိကားမှာ ဆရာဝန်တွေက ညွှန်းတယ်။
o ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါး စတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲ စားသုံးတာ ပိုကောင်းတယ်။ ဒီအစေ့တွေကို ဖွပ်လိုက်ရင် အစိတ်အပိုင်း ၂ မျိုးက မရှိတော့ဘူး၊
o Poultry ကြက်သား၊ Fish ငါး၊ နဲ့ Nuts အစေ့အဆံတွေကို အစားခိုင်းပြီး၊
o Fats အဆီ၊ Red meats အမဲသား-ဝက်သား-ဆိတ်သား၊ Sweets အချိုတွေနဲ့ Sugared beverages သကြားပါ သောက်စရာတွေကို လျှော့စေတယ်။
• လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက ဘာလို့လဲ မပြောနိုင်ပေမဲ့ သွေးတိုးစေတယ်။
• Fiber (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့ အစာတွေကို ညွှန်းတယ်။ စာကြော်ငြာရအုံးမယ် “Nutrition အာဟာရ” ကို တွဲဖတ်ပါ။
• “ဆားမပါမပြီး” လို့ ဆိုရပေမဲ့ “ဆားစားရင် သွေးတိုးများတယ်”။ ဆား Salt ဆိုတာ Sodium (ဆိုဒီယမ်) ဖြစ်တယ်။
• ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုး ပိုဖြစ်တယ်။ ဂျပန်၊ အမေရိကန်တွေမှာ များတယ်။ တဦးချင်း စားသုံးမှု နည်းတဲ့ အာဖရိကမယ်နေတဲ့ လူမဲတွေမှာ နည်းတယ်။ အမေရိကားနေတဲ့ လူမဲတွေက အဲလိုမဟုတ်ဘူး။
• NIH ကနေ သတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ% ပါတယ်။ အကြမ်းဖျင်းပြောရရင် ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်-ဇွန်းလေး တဇွန်းစာသာ ပါပါစေ။
• သုတေသန လုပ်တော့ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာ တွေ့ရတယ်။
• Diet Therapy for Hypertension “အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်”၊ “သွေးဆိုး ရှိနေရင်လဲ သက်သာတယ်”။
o Celery (Apium graveolens) တရုတ်နံနံ၊
o Garlic (Allium sativum) ကြက်သွန်ဖြူ၊
o Onion (Allium cepa) ကြက်သွန်နီ၊
o Tomato (Lycopersicon lycopersicum) ခရမ်းချဉ်၊
o Broccoli (Brassica oleracea) မုံလာပွင့်စိမ်း၊
o Carrot (Daucus carota) မုံလာဥနီ၊
o Saffron (Crocus sativus) နနွင်း၊
o Fennel စမုန်နက်၊ Oregano တောရုံး၊ Black pepper ငရုတ်ကောင်း၊ Basil ပင်စိမ်း၊
• ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့ အစားအစာ၊ သွားရည်စာတွေ ရှောင်ပါ။
• ချက်-ပြုတ်-ကျော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ သွေးတိုးရောဂါ ဆိုးစေနိုင်တယ်။
• ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊ ဗိုလ်သုံး (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။
• အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။
• ဟင်းချိုမှုံ့ Monosodium glutamate (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။
• ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်) များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမယ်နဲ့ ဆေး သောက်ပါ၊ ငါး၊ ပင်လယ်စာ၊ Citrus fruits ချဉ်တဲ့အသီး၊ Apples ပန်းသီး၊ Bananas ငှက်ပျောသီး တွေနဲ့ Broccoli မုံလာပွင့်စိမ်း၊ Peas ပဲ၊ Lima beans ပဲသီး၊ Tomatoes ခရမ်းချဉ်၊ Potatoes skins အခွံပပါအာလူး၊ Spinach ဟင်းနုနွယ်ရွက်၊ Lettuce မုံညင်းဖြူတွေမှာ များများပါတယ်။ ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။
• Omega-3 fatty acids က အကျိုးများစေတယ်။
• Calcium (800-1,200 mg) ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။
• သွေးတိုး အစာအာဟာရ ဥပဒေသ
o S သုံးလုံး-ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။
o Saturated fat အဆီအမျိုးအစား များဆဲ့အစာအစာတွေ = Cream မလိုင်၊ Cheese ဒိတ်ခဲ၊ Butter ထောပတ်၊ Ghee ဂီး၊ Coconut oil စားအုံးဆီ၊ Cottonseed oil ဝါစေ့ဆီ၊ Chocolate ချော့ကလက်၊
o (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။
o (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။
o (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။
o (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။

Exercise and Hypertension သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
1. သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။
2. (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ် လုပ်ပါ။
3. အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age)
4. ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။
5. တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။
6. အလေးချိန်-လျှော့နည်း လုပ်နေတုံးမှာ အသက်ရှူ အောင့်ထားတာမျိုး မလုပ်ပါနဲ့။

မနေ့က ဆေးခန်းမှာ ဆီးချိုရှိသူတွေ အမြဲလိုက်နာဘို့ ဆောင်ရန်-ရှောင်ရန်တွေ ဗမာလို တမျက်နှာရေးပြီး၊ ကော်ပီ ၅ ရွက် ယူသွားတာ တရက်ထဲ ကုန်သွားရော။ အဲလိုစာမျိုး သွေးတိုးအတွက် ဆိုရင်တော့ ၅ ဆမက ယူသွားရမယ် ထင်တယ်။

သွေးတိုး သက်သာအောင် ငန်-ချို-ဆီ ရှောင်ပါ။

Dr. တင့်ဆွေ
၂၆-၁-၂ဝ၁၁

Asthma ပန်းနာ

နှစ်စဉ် မေလရဲ့ ပဌမအင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာရောဂါနေ့လို့ သတ်မှတ်တာမို့ ဒီစာက ရာသီစာဖြစ်သွားရော။ မေးတဲ့လူကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ဝမ်းနာကိုယ် ပိုသိတဲ့လူတွေထဲမယ် ပန်းနာသမားတွေလည်း ပါတယ်။ နာတာရှည်ရောဂါ ဖြစ်ပြီ ဆိုရင် လူနာကိုယ်တိုင်က သူ့ရောဂါအကြောင်းကို ဆေးဆရာတွေလို သိနေပါပြီ။ ပန်းနာသည်၊ သွေးတိုးသမား၊ ဆီးချို ရှိသူများပေါ့။ အခုမှဖြစ်စ ရောဂါသည်လက်သစ် (ဖရက်ရှာ) တွေကတော့ လေ့လာရဦးမှာပေါ့လေ။ ကဲ စ, ဖတ်ပေ-မှတ်ပေတော့။

လူဦးရေ ၅% မှာ ဖြစ်တယ်။ အသက် ၁၄ နှစ်အောက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်။ မျိုးရိုး လိုက်တာ သိသာတယ်။ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတတ်တယ်။ ရောဂါတွေထဲမယ် ကုဘို့ခက်တာဆိုရင် ဆေးစာအုပ်တွေမယ် အရှည်ကြီး ရေးကြတယ်။ သီအိုရီတွေ အမျိုးမျိုး၊ ဖြစ်နိုင်တာတွေ အဖုံဖုံ၊ စုံနေအောင်ရေးတာ။ မသေချာရင် ဆေးဆရာတွေ လျှာရှည်ပုံပြောရရင်၊ ဗြိတိန်-ပန်းနာရောဂါ အသင်းက ပန်းနာကုထုံးကို ရေးထားတာ စာမျက်နှာ ၄၄ဝ တောင်ရှိတယ်။

ပန်းနာအကြောင်းပြောရင် (အလာဂျီ)နဲ့ ဆက်ပြောရတယ်။ မတည့်တာကို ပြောမှန်း သိမှာပေါ့။ (အက်စ်မာ)လို့ ခေါ်တာလည်း လူအတော်များများ သိတာဘဲ။ Asthma ကို အသံထွက်ရင် (သ)သံ မထွက်ရဘူးဆိုပေမဲ့ YouTube သွားပြီးရှာရင် အနောက်နိုင်ငံမှာ သမားတော်လုပ်နေသူ အသံထွက်တာ (အက်စ်သ်မာ) လို့ (သ) သံကို မဖျောက်နိုင်ဘဲ၊ (လက်ချာရိုက်) တာ တွေ့ရတယ်။ တချို့လူမျိုးတွေဟာ အသံထွက်ရင် မိခင်လျှာကြောင့် ဂွကျတတ်တာကိုး။ ကုလားများ ကြတော့ (အာရ်) သံကို ပီပီသသပြောမှ အားရကြတယ်။ အိန္ဒိယနိုင်ငံ၊ (မီဇိုရမ်) ကို စရောက်တော့၊ ဆရာဝန်ပါလို့ ပြောရင်၊ အော့့် (ဒေါက်တားရ်) လားတဲ့။

ရွှေဗမာများကတော့ ဒီစာရင်းထဲမှာ မပါဘူးဗျ။ ဗိုလ်သံဆို သင်ထားရင် ပီပါတယ်။ အဲ့ ဗမာလိုကြ ဝဲတယ်။ လွဲတယ်။ ကိုယ့်စာ၊ ကိုယ့်စကားကို တတ်တယ်၊ လွယ်တယ်ဘဲ ထင်တာကိုး။ ရေဒီယိုတွေ နားထောင်ကြည့်ပါလား။ ဆရာကြီး ရွှေဥဒေါင်း တခါကပြောဘူးတယ်၊ “မြန်မာ့အသံက နားကလောတယ်”။ အခုတော့ မြန်မာ့အသံတွေက များလာလို့ အမှားတွေ နားထောင်ရတာ အားရပါးရပါဘဲ။ (အင်တာနက်-ဝက်ဘ်) တွေပေါ်လာ၊ (ယူနီကုတ်) ထွင်လာတော့ ဗမာတွေ ဗမာလို စာရေးကြတာတွေ ဖတ်ခွင့်ရတော့ အတော်မှား၊ အတော်လွဲနေတာတွေ အတော် စိတ်မကောင်းပါ။ “အစင်ပြေလား”၊ “စိုးဝါးစွာ” ဖတ်ရတာ အတော်ကို အဆင်မပြေ၊ ဆိုးဝါးလှတယ်။

ပဌမဆုံး ပေးချင်တဲ့ အကြံကတော့ တောသွားနေကြပေတော့လို့။ မြို့သားတွေမှာ ၂၅ ရာနှုန်း အဖြစ်များနေသတဲ့။ တမတ်သား ဆိုတာကလည်း ခေတ်စားတယ် မဟုတ်လား။ ကလေးတွေမှာ ပိုများလာနေသတဲ့။ ကလေးမှာများတော့ ရောဂါကလည်း ပျောက်နိုင်ခဲတာမို့ သူတို့ ကြီးလာတာနဲ့ ကလေးရော၊ လူကြီးရော အဖြစ်များတာ ဖြစ်လာရော။ ဂုဏ်ယူချင်လဲ ယူပေါ့လေ၊ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ပိုဖြစ်တယ်ဆိုဘဲ။ အဲ ဒါပေမဲ့ ဝင်ငွေနည်းတဲ့ အုပ်စုမှာ ပိုများပြန်ရော။

ပန်းနာ ဖြစ်သူတွေ ဂုဏ်တင်ပြောနိုင်တာလဲ တကယ်ရှိပါတယ်။ Hygiene hypothesis တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်လွန်းလို့ ဖြစ်တာလဲရှိသတဲ့။ မောင်သန့်ရှင်း၊ မသန့်ရှင်းတို့ကို ပြောတာပေါ့။ ဒီတော့ သိပ် သန့်ချင်နေတာဖြစ်ရင် လျှော့ပေါ့။ အလုပ်အမျိုးအစားနဲ့လဲ ဆိုင်နိုင်တာမို့ လက်ရှိ အလုပ်မျိုးကနေ ပြောင်းသင့်ရင် ပြောင်းပါ။ ကျုပ်တို့ပြည်မှာ အလုပ်တွေပေါလှဆိုဘဲ။ သတင်းစာမှာ ဖတ်ရတာ။ သံသယများတဲ့ အလုပ်မျိုးတွေက ချည်-သိုးမွှေး-သားမွှေး၊ အဝတ်အထည်၊ ဓါတုပစ္စည်း၊ အမှုံ့လုပ်ငန်း၊ အနံ့အသက် များတဲ့လုပ်ငန်း စတာတွေပါ။ ချုပ်ပြောရရင် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ ဆက်စပ်ပြီး ပန်းနာရောဂါရတာပါ။ မျိုးရိုးဖြစ်တော့ ပိုက်ဆံတမတ်ပေး မွေးစားခိုင်းယုံနဲ့ မရဘူးလေ။

စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ဒီတော့ ပျော်ပျော်နေတာ ကောင်းတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေးပေးရတာတို့၊ ဗိုင်းရပ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ကလေးတွေကို ဆေးကုရင် ပိုပြီးသတိရှိရပါလိမ့်မယ်။

(အက်စမာ) မှာ နှစ်မျိုးရှိတာပါ။ အများဆုံးဖြစ်တာက Bronchial asthma အသက်ရှူတာနဲ့ဆိုင်ပြီး နောက်တမျိုးက နှလုံးရောဂါကနေ ဆက်ဖြစ်တာ Cardiac asthma ပါ။ မသိရင် ရင်ကြပ်လို့ဆိုတိုင်း ရမ်းကုရင် ဒုက္ခ ပိုရောက်စေတယ်။ အသက်ရှူလမ်းကို ကျယ်အောင်လုပ်တဲ့ဆေးက နှလုံးမကောင်းသူတွေအတွက် ရေနစ်သူ ဝါးကူထိုး ဖြစ်စေပါတယ်။

ဘာရောဂါဖြစ်ဖြစ် ဆေးကုတာမှာ ရောဂါတရားခံကို ရှင်းရတာနဲ့ သူ့ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်တာဆိုပြီး နှစ်ပိုင်းရှိရပါတယ်။ ရင်ကြပ်-ပန်းနာ Asthma ကို ကုတာမှာ အကြောင်းရင်းကို မသိတာများလို့ ဖြစ်လာတာကို သာသက်သာစေမဲ့ ဆေးကိုပဲ ပေးရတာဖြစ်တယ်။ အပျောက်ကုနိုင်တာ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်ရတာပါ။

အတွေ့အကြုံကနေ သင်ပေးလို့ ပန်းနာလူနာကို မပြောခင် မြင်တာနဲ့ သိနိုင်တယ်။ အမှန်က ကြားတာနဲ့ သိတာပါ။ သူ့အသက်ရှူသံက လေချွန်သလို အသံပါနေတယ်လေ။ အပွေးမြင်၊ အပင်သိ။ ရွှီရွှီသံကြားရင် ပန်းနာလို့သိ။ သိပြီးရင် ကုတော့မယ်ဗျာ။ ဆက်ဖတ်ပါ။

ဖြစ်နိုင်ရင် အကြောင်းကိုရှာပါ။ ဆေးကြောင့်လား၊ ဥပမာ (အက်စ်ပရင်)။ တကယ်လို့ ရှောင်မရမဲ့ အရာဖြစ်နေရင်၊ ဆိုပါစို့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာဆိုရင် အဲဒါတွေကို ကိုယ်နဲ့ယဉ်ပါးအောင်လုပ်နည်း Desensitization ကို သုံးနိုင်ပါတယ်။ ကရိကထတော့ များတာပေါ့။ ကျန်တာတွေကတော့ သက်သာစေမဲ့ ဆေးနည်းတွေ ဖြစ်တယ်။ ဒါမှာလည်း ဆေးအမျိုးမျိုး ရှိတာပါ။ တိတိကျကျပြောရရင် သုံးမျိုး။ သက်သာဆေး၊ ကာကွယ်ဆေးနဲ့ အရေးပေါ်ဆေး။

ဆေးရုံကြီးတွေမှာ ဆရာဝန်တွေ အားအားနေနေ လေပြိုင်ပြောကြတာရှိတယ်။ အခြေခံအားဖြင့် ခွဲစိတ်ဆောင်၊ ဆေးကုဆောင်၊ သားဖွါး-မီးယပ်၊ ကလေး-အထူးကု စသဖြင့် ရှိရာမှာ အပြိုင်ဆုံးက ဆေးပေးကုတဲ့ သမားတော်များနဲ့ ဒါးသုံးကုတဲ့ ခွဲစိတ်-ဆရာဝန်တွေပါ။ ပြောကြတယ့့် လူနာက အသက်မရှူနိုင်လို့ သေလုမြောပါး၊ ဆိုက်ကားတစီးနဲ့ ဆေးရုံရောက်လာ၊ သမားတော်များက ဆေးလေးတလုံး ထိုးတာနဲ့ လူကောင်းဖြစ်ပြီး၊ ကျော့မော့ ပြန်သွားတယ်ပေါ့။ အဲဒါ ပန်းနာသည်ကို ပြောတာ၊ (အဖီဒရင်း) ထိုးဆေးကို တလုံးတောင် မဟုတ်ဘူး၊ တဝက်ထိုးတာနဲ့ ၅ မိနစ်ဆို ကောင်းသွားပြီ။ နောက်လူနာတမျိုးက လာတုံးကတော့ သူ့ဖါသူ လမ်းလျောက်ပြီး၊ ဆေးရုံလာတက်တယ်။ ခွဲစိတ်ဆောင်က ဆင်းတော့ ချိုင်းထောက်နဲ့ ပြန်သွားရတယ်ပေါ့။ အမှန်က ခြေတဖက်လုံး မဖြတ်ရအောင်၊ ဒူးအောက်က ဖြတ်ပေးခံရတဲ့လူနာပါ။

လေပြွန်ကျယ်ဆေးတွေကို ရေတိုအတွက် ပန်းနာသည်တိုင်း သုံးနိုင်ပါတယ်။ ခဏခဏ ကြပ်နေသူများကို စတီရွိုက်ရှူဆေး သိပ်မများအောင်ပေးရမယ်။ အရင်က Theophylline (Aminophylline) ကို ပါးစပ်က သောက်ခိုင်းပါတယ်။ နေ့တိုင်း ဆက်ဖြစ်သူများကိုတော့ စတီရွိုက်ရှူဆေး နဲ့ β-2 agonist ရှူဆေး တွဲပေးရမယ်။ ဒီထဲကမှ သိပ်ဆိုးနေရင် စတီရွိုက် သောက်ဆေးပါ တွဲလိုက်ရင် သက်သာမှာပါ။

Metered-dose inhalers (MDI) ဆိုတာ ခေတ်မီ ပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်း တခုပါ။ ဒီဆေးက အမြန်ထိရောက်တဲ့ ရှူဆေးပေါ့။ ဒါနဲ့ အဆင်မပြေတဲ့ လူအိုတွေ၊ ပြောတဲ့အတိုင်း မလုပ်ချင်တဲ့လူနာတွေ အတွက်ကတော့ Asthma spacer ဆိုတာကို သုံးစေပါတယ်။ Nebulizer ဆိုတဲ့ အငွေ့ရှူတာမျိုးလည်း သုံးနိုင်ပါတယ်။

နောက် သက်သာဆေးအုပ်စုထဲမှာ ရေတိုအတွက် Salbutamol, Levalbuterol, Terbutaline, Bitolterol ခေါ်တဲ့ ဆေးတွေ ရှိသေးတယ်။ ဒီဆေးတွေက ပါးစပ်ကပေးရင် ခြေတုံ-လက်တုံ-ရင်တုံ ဖြစ်တတ်တယ်။ Epinephrine, Ephedrine စားဆေး၊ ထိုးဆေးက သမားရိုးကျ ထိရောက်တဲ့ဆေးတွေပါ။ သုံးနေကြဆဲပါ။ ပိုစိတ်ချချင်ရင် Ipratropium bromide ကိုပေးပါတယ်။ နှလုံးရောဂါရှိရင်တောင်မှ ပေးနိုင်တယ်။ နဲနဲတော့ကြာလို့ လာမယ်-ကြာမယ် အစားပေါ့။

ပန်းနာမှာ ကာကွယ်ဆေးဆိုတာက တခြားရောဂါတွေနဲ့ သဘောသဘာဝ မတူဘူး။ မဖြစ်အောင်ဆိုတာ မကြပ်အောင်နဲ့ ကြပ်ရင်လဲ သက်သာအောင်ပေးတဲ့နည်းပါ။ (စတီရွိုက်) ဆေးတွေပါဘဲ။ ကြာကြာသုံးသူများဆိုရင် သတိထားဘို့က အဆီစုတတ်လို့ ဝမယ်။ အစားသိပ်စားချင်လို့လည်း ဝမယ်။ အရိုးပွတတ်တယ်။ အသံသြတာတို့၊ မှက်ခရုဖြစ်တာတို့လဲ ဖြစ်တတ်တယ်။ အလာဂျီအတွက် Burmeton, Citrizine တို့လိုဆေးမျိုးပါ တွဲပေးရတတ်ပါသေးတယ်။

ခုနောက်ဆုံး အသုံးများတဲ့ဆေးတွဲတွေကတော့ စတီရွိုက်ရှူဆေးနဲ့ တာရှည်ခံလေပြွန်ကျယ်ဆေးတွေဖြစ်ပါတယ်။ Advair Seretide, Budesonide, Formoterol, Symbicort တို့လည်းပါတယ်။

ကြည့်ဘူးကြမှာပါ Panic room ဇာတ်ကားထဲမှာ Jodie Foster ရဲ့သမီးအဖြစ် ကလေးဇာတ်လိုက် Kristen Stewart ဟာ ပန်းနာသည်လေးအဖြစ် သရုပ်ဆောင်ရတယ်။ တကယ့်ဘဝ ပန်းနာသည် မင်းသမီးကတော့ နာမည်ကြီး Lindsay Lohan ပေါ့။ အရေးပေါ် ဆေးရုံတောင်တက်ယူရသတဲ့။ ဆေးရုံဆင်းတော့ အလေးချိန် ၁၅ ပေါင် ကြီးများတောင် ကျသွားတာကို မြင်တဲ့လူတွေက၊ “You look great မင်း သိပ်ဟုတ်သွားပါလား” လို့ ချီးမွမ်းကြတယ်။ ဒီတော့ ပန်းနာသည် မင်းသမီး ပြန်ပြောတာက “သူတို့ပြောပုံကဖြင့် အရင်က ကျမ အတော်မလှဘူးလို့ ပြောနေတဲ့အတိုင်းဘဲ” တဲ့။

(လင်းဆေး-လိုဟန်) လို အရေးပေါ်ဖြစ်ရင် အောက်စီဂျင်ပေးဘို့လိုရင်လိုမယ်။ Salbutamol or Terbutaline တို့ကို Ipratropium နဲ့တွဲပြီး၊ အငွေ့အဖြစ် ရှူခိုင်းမယ်။ ပါးစပ်ကနေ စတီရွိုက်ပေးတယ်။ Ketamine ဆိုတဲ့ မေ့ဆေးလည်း ပေးနိုင်တယ်။ Magnesium Sulfate ဆားခါးကိုလည်း သွေးပြန်ကြောထဲ ထိုးပေးနိုင်တယ်။ အသက်ရှူစက်နဲ့ ကူပေးတာမျိုး သုံးပါတယ်။

ဆရာဝန်တွေက ဘယ်လိုဘဲ အဲဒီနည်းပေါင်းစုံနဲ့ ကုနိုင်ပါတယ်ပြောပြော၊ ပန်းနာသည် ၁ဝ ယောက်ရှိရင် ၅ ယောက်က ဆရာဝန်တွေကို အားမကိုးပါ။ တခြားနည်းတွေ ရှာကြပါတယ်။ ဒါပေမဲ့ လေထဲကပိုးတွေ၊ အမှုံတွေကို သန့်ပေးနည်းကို လက်တွေ့မှာ ထိရောက်တယ်လို့ သက်သေမပြနိုင်ပါ။ စိတ်ပညာနည်း၊ ယောဂနည်း။ တရားထိုင်နည်းတွေကိုလည်း ထိရောက်တယ်လို့ ညွှန်းမပေးချင်ပါ။ အပ်စိုက်ကုတာကိုတောင် စာရင်းမသွင်းသေးပါ။ (ဟိုမီယိုပက်သစ်) နည်းကတော့ နည်းနည်းနီးစပ်လာပုံရနေပါတယ်။ နောက်ပြီး ရုရှား-ပညာရှင်တဦး တည်ထွင်တဲ့ Buteyko method အသက်ရှူနည်း ကိုတော့ သုံးနိုင်ပါတယ်လို့ ဆရာဝန်တွေက ထောက်ခံထားပြီးပါပြီ။

ဖြစ်နေမှတော့ စိတ်မပျက်နဲ့။ ညားပြီးသား ခွဲဘို့ခက်သလို ကြည့်ပေါင်းပေါ့။ နည်းပေါင်းစုံရှိတာဘဲ။ အကြံပေးချင်တာက ကြပ်လာပြီဆိုရင် အကြာကြီး စောင့်မနေပါနဲ့။ မြန်မြန် ဆေးကုလိုက်ပါ။ ညဥ့်နက်သန်းကောင်မှာ ထဖြစ်တတ်တယ်။ ပန်းနာ ဆိုတာ သေခြာသူ၊ နှလုံးရောဂါ မရှိသူ၊ ဆန်းဆန်း ပြားပြားတွေလည်း လက်လှမ်း မမီသူများအတွက် ဆေးထိုးပိုက် ၂ စီစီ တချောင်းနဲ့ (အဖီဒရင်း) ထိုးဆေး တလုံးဆောင်ထားရင် အရေးပေါ်အတွက် အလွယ်ဆုံးပါ။ လက်ဖျံအရေပြား အောက်မှာ ၁ စီစီသာပါတဲ့ ထိုးဆေးကို တဝက်လောက် ထိုးပေးလိုက်ရင် ၁ဝ မိနစ်ထက် မကြာပါ။ ကြပ်တာတွေ ချောင်သွားပါ လိမ့်မယ်။ လိုမှ ကျန်တဲ့တဝက်ထိုးပါ။ ရင်တုံတာလေးတော့ သီးခံပေါ့။

စိတ်မပျက်နဲ့နော်။ အံ့စရာတခုပြောမယ်။ အားကစားသမားတွေမှာ အတော်များများ ပန်းနာရှိကြသတဲ့။ ဆိုပါစို့ အိုလံပစ် ကစားသမားတွေရဲ့ ၁၅ ရာနှုန်းမှာ ပန်းနာရှိတယ်ဆိုဘဲ။ ဒါကတော့ ရှူနာရှိုက်ကုံး ပန်းနာသည်လုံးလုံးဖြစ်ပါစေ အားကစား လုပ်လို့ရတာကို ပြောချင်တာ။ ဒီတော့ ပန်းချင် ပန်းပါစေ၊ ရွှေတံဆိပ်သာမှန်း။

ပန်းနာကင်းရှင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြစေသောဝ်။

Dr. တင့်ဆွေ

၁။ ပန်းနာထသူတွေအတွက် အရေးပေါ် သိထား-ဆောင်ထားစရာတွေ
• Beta-adrrenergic agonists ဆေး၊ Albuterol sulfate 1.25-1.5 mg. Metaproteranol 10-15 mg. Isoetharine 2.5-5 mg, Bitolterol mesylate 0.5-1.5 mg တခုခုကို Nebulizer ရှူဆေးအဖြစ် သုံးတယ်။
• Terbutaline sulfate 0.25-0.5 mg S/C, Epinephrine 1:10000 (0.1-0.3 ml) S/C အရေပြားအောက်မှာ ထိုးပေးတယ်။ (ဒီဆေးကို ကိုယ်ဝန် ပဌမ ၃ လရှိသူ၊ နှလုံးရောဂါရှိသူတွေကို မပေးပါ။)
• Steroid စတီရွိုက်ဆေး၊ (Prednisone 60-180 mg/day) ပေးပြီး၊ နောက် လျှော့လျှော့ ပေးသွားရမယ်။
• Anticholinergics ဆေးကိုလဲတွဲပေးနိုင်တယ်။ အရင်က Atropine ကိုသုံးတယ်။ နောက်ပိုင်း Ipratropium bromide ဆေးသုံးလာတယ်။ Ipratropium (500 mg = 2.5 ml) ဆေးကို Nebulizer ဆေးကို တမျိုးထဲဖြစ်ဖြစ်၊ Albuterol နဲ့ရောပြီးဖြစ်ဖြစ် ပေးနိုင်တယ်။
• Antibiotics ပဋိဇီဝဆေး (Septrin, Doxycycline, Tetracycline, Cipro) ဆေးတမျိုးမျိုးကို အသက်ရှူလမ်း ပိုးဝင်နေရင်ပေးရမယ်။
• အောက်စီဂျင်၊

၂။ တခြားဆေးတွေလဲ သုံးပါသေးတယ်။ (Cromolyn and Nedocromil (Cromolyn, Nedocromil); Leukotriene Receptor Antagonists (Montelukast, Zafirlukast); 5-Lipoxygenase inhibitor (Zileuton); Methylxanthines (Theophylline); Immunomodulators (Omalizumab)

၃။ ရေတို-ပန်းနာသက်သောဆေးတွေလဲ ရှိတယ်။ (Inhaled Short-Acting Beta-adrrenergic agonists (Albuterol CFC, Albuterol HFA, Pirbuterol CFC, Levalbuterol HFA); Nebulizer solution (Albuterol, Levalbuterol, R-albuterol); Anticholinergics (Ipratropium, Ipratropium with albuterol); Corticosteroids (Prednisolone, Prednisone)

Dr. တင့်ဆွေ
၂၁-၅-ဝ၉
၈-၂-၂ဝ၁၁
သွေးတိုး(သို့)အသံတိတ်လူသတ်သမား

သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ ထူးခြားသိသာမှုသိပ်မရှိတဲ့အတွက် တိတ်တဆိတ် သတ်ဖြတ်နေတဲ့ အသံတိတ်လူသတ်သမား (silent killer) တစ်ယောက်လိုပါပဲ။ သွေးတိုးရောဂါဟာ heart attack၊ kidney failure (ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာမျိုး)ကို ဖြစ်စေနိုင်သလို မျက်စိကွယ်ခြင်းနဲ့ အသည်းရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါတော်တော်များများကို သယ်ဆောင်လာတဲ့ လာခြင်းမကောင်းသော ရောဂါတစ်ခုပဲဖြစ်ပါတယ်။

သွေးတိုးရောဂါရဲ့ အခြေခံ ရောဂါလက္ခဏာတွေကတော့

၁။ နှာခေါင်းသွေးလျှံခြင်း
၂။ ခေါင်းကိုက်ခြင်း
၃။ မအီမသာ မောပန်းနွမ်းနယ်ခြင်း
တွေဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လက္ခဏာရပ်တွေမှာတော့
၁။အော့အန်ခြင်း
၂။အသက်ရှူခက်ခြင်း
၃။အလွန်အမင်း အိပ်ငိုက်ခြင်း
၎။ဂနာမငြိမ်ဖြစ်ခြင်း
၅။ဆီးထဲမှာ သွေးပါခြင်း
၆။ရင်ဘတ်အောင့်ခြင်း
၇။အမြင်အာရုံချို့တဲ့ခြင်း
အစရှိတာတွေဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါကို ဆေးဝါးမပါဘဲ ထိန်းချုပ်ခြင်း ၁၀နည်း

သွေးတိုးရောဂါအတွက် ဆေးဝါးနဲ့ထိန်းချုပ်နိုင်သလို ဆေးဝါးမပါဘဲ သွေးတိုးထိန်းနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။ မိမိတို့ရဲ့နေထိုင်စားသောက်မှုပုံစံ(lifestyle) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဆေးအများကြီးသောက်ရတဲ့သူတွေဟာ ဆေးကို လျှော့သောက်လာနိုင်မယ်။ ဆေးနည်းနည်းသောက်နေရသူတွေဟာ ဆေးသောက်စရာမလိုတော့ဘဲဖြစ်လာမယ်။ အထူးသဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။
ဆေးဝါးကုသမှုဟာ သွေးတိုးထိန်းချုပ်ဖို့အတွက် အရေးအပါဆုံး အချက်လို့မယူဆထားသင့်ပါဘူး။ မိမိရဲ့နေထိုင်စားသောက်မှု(lifestyle) ဟာလည်း သွေးတိုးရောဂါ ကုသရေးအတွက် အင်မတန်အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို တည်ဆောက်နိုင်မယ်ဆိုရင် သွေးတိုးရောဂါ အတွက် ဆေးကုသမှုလိုအပ်ချက်ကို နည်းနိုင်သမျှနည်းအောင်၊ အနုစားအဆင့်တွေမှာဆိုရင် ဆေးကုသမှုလုံးဝမလိုအပ်တော့အောင် လျှော့ချနိုင်ပါလိမ့်မယ်။ သွေးတိုးရောဂါ ကာကွယ်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ lifestyle ၁၀ခုက ဒီလိုပါ။
၁။ ပေါင်ပိုတွေကိုလျှော့ချပြီး ၀မ်းဗိုက်အဆီစုပုံမှုတွေကို သတိပြုပါ

လူက အလေးချိန်များလာတာနဲ့အမျှ သွေးဖိအားတိုးလာလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ၁၀ ပေါင်လောက်လျော့သွားရုံနဲ့ သွေးဖိအားကို သိသိသာသာ လျော့စေပါတယ်။ ယေဘုယျပြောရရင်တော့ ကိုယ်အလေးချိန် နည်းသွားရင် သွေးဖိအားနည်းပြီး သွေးဖိအား အတွက်ဆေးကုသမှုတွေကို ပိုပြီး ထိရောက်သွားစေနိုင်တယ်။
ကိုယ်အလေးချိန်ကို လျှော့ချရုံနဲ့လည်းမပြီးသေးပါဘူး။ ခါးပတ်လည်မှာရှိတဲ့ အဆီစုပုံမှု၊ ၀မ်းဗိုက်အဆီစုံပုံမှုတွေကိုလည်း ဂရုတစိုက်စောင့်ကြည့်ရပါတယ်။ ခါးနားမှာ အလေးချိန်သိပ်များနေရင် သွေးတိုးဖို့ အန္တရာယ် အနေအထားပါပဲ။ အထူသဖြင့် ခါးက အမျိုးသားတွေမှာ လက်မ ၄၀ ထက်ပိုလာပြီဆိုရင် သတိထားပြီးလျှော့ချဖို့လိုနေပါပြီ။ အမျိုးသမီးတွေမှာဆို ၃၅ လက်မထက်မပိုသင့်ပါဘူး။ ဒါပေမယ့် အာရှက အမျိုးသားတွေအတွက်တော့ ခါး ၃၆ ဆိုတာ အန္တရာယ် အမှတ်အသားပါပဲ။ အာရှသူတွေအတွက်တော့ ခါး ၃၂ ဟာ စိုးရိမ်ရေမှတ်ပါပဲ။
ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်နှစ်လအတွင်းမှာ ဘယ်လောက် အလေးချိန်လျော့ချမယ်ဆိုတာကို သတ်မှတ်သင့်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဘယ်လိုစားပြီး ဘယ်လို လေ့ကျင့်ခန်းမျိုးက သင့်တော်သလဲဆိုတာကို အကြံပေးနိုင်ပါတယ်။
အထူးသဖြင့် ညဉ့်နက်မှ သရေစာစားတာမျိုးနဲ့ တခါတည်း အများကြီးစားတာမျိုးကိုတော့ ထိထိရောက်ရောက် ရှောင်ကြဉ်ဖို့အကြံပြုပါတယ်။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရပါမယ်။ အနည်းဆုံး တပါတ်မှာ သုံးလေးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒီလိုပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ သင့် သွေးဖိအားကို ၄ မီလီမီတာ မာကျူရီ ကနေ ၉ မီလီမီတာ မာကျူရီ ကြားကျဆင်းစေနိုင်ပါတယ်။ ဒါဟာ သိပ်ကြာကြာမစောင့်ရတဲ့ အကျိုးကျေးဇူးပါပဲ။ တကယ်လို့သင်ဟာ ပုံမှန် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲသိသိသာသာ အကျိုးရနိုင်ပါတယ်။
သွေးတိုးဖြစ်လာနိုင်ဖွယ်ရှိသူတွေဟာ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပြီး၊ သွေးတိုးရောဂါရှိသူတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ရင် သွေးတိုးကို စိတ်ချရတဲ့ အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆယ်မိနစ် ဆက်တိုက်လျှောက် ခဏနား၊ ဆယ်မိနစ်ဆက်လျှောက်နဲ့ သက်သက်သာသာလုပ်သွားတာတောင်မှ သွေးတိုးရောဂါအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်ပါတယ်။
အထူးသဖြင့် စနေ၊ တနင်္ဂနွေလို နားရက်မှာလည်း မပျက်မကွက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်သွားတာက ပိုပြီးထိရောက်ပါတယ်။ မိမိနဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းကိုပဲ နိုင်သလောက်စလုပ်သွားဖို့လိုပါတယ်။
၃။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ

အခု တကမ္ဘာလုံးမှာ အစိမ်းရောင် တွေ များများစားလာကြပါပြီ။ အသားကိုလျော့စားပြီး ဟင်းသီးဟင်းရွက်ကိုများများစားတာမျိုးပါ။ အသီးအအနှံပေါတဲ့ မြန်မာပြည်မှာတော့ အသီးအနှံကို များများစားပေးဖို့လွယ်ကူပါတယ်။ သွေးတိုးရောဂါအတွက် ထိရောက်တဲ့နည်းတစ်ခုပါပဲ။ အသီးအနှံတွေကိုလည်း ပြုပြင်ထားတဲ့ အသီး အကြီးကြီးတွေစားတာက တခြားမလိုလားအပ်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့အတွက် သဘာဝကျတဲ့ အသီးအနှံ နဲ့ ပိုးသတ်ဆေးသိပ်မသုံးထားတဲ့ အရွက်တွေကိုစားသုံးသင့်ပါတယ်။

လမ်းညွှန်ထားတာကတော့

• တနေ့တနေ့စားသောက်တာတွေကို မှတ်စုလေးလုပ်ထားပါ။

• ပိုတက်စ်စီယမ်တွေကို ပိုတိုးပြီးစားပေးပါ။ အမေရိကန်တွေဟာ ဆိုဒီယမ်ပါတဲ့ အစာတွေစားတာများကြလို့ သွေးပိုတိုးကြပါတယ်။ ဒါကြောင့် အသီးအနံတွေ အရွက်တွေလို ပိုတက်စ်စီယမ်များတဲ့ အစားအစာတွေပိုစားပေးကြပါတယ်။

• အသိဉာဏ်ရှိတဲ့စားသုံးသူဖြစ်ပါ။ ဈေးသွားမ၀ယ်ခင် ၀ယ်သင့်တာတွေမ၀ယ်မိဖို့ စာရင်းနဲ့ပဲသွားပါ။ စားသမျှတွေဟာ ကျန်းမာဖို့အတွက်စားပါ။ စားကောင်းပြီး ကျန်းမာရေးအတွက် အကျိုးမရှိတာ၊ ကျန်းမာရေးကိုပါထိခိုက်နိုင်တာတွေကို မစားမိအောင်သတိထားပါ။

စားသောက်ပူံစနစ်ဟာ တစ်သက်လုံးစားသောက်သွားဖို့ စနစ်တကျပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုစားသောက်ဖြစ်အောင် သတိထားပြီးလုပ်သွားကြရမှာပါ။ ဒါပေမယ့် ကိုယ်ကြိုက်တာတွေကို အားလုံးဖြတ်ပစ်လိုက်ဖို့တော့မလိုပါဘူး။ ကျန်းမာရေးကို မထိခိုက်စေတဲ့ အချိုးအဆနဲ့နည်းနည်းစီ ပြင်သွားရပါမယ်။ အထူးသဖြင့် အချိုတွေ အဆီများတာတွေကို မစားမိအောင် သတိထားသင့်ပါတယ်။ ဆီမသန့်နိုင်တဲ့အစာတွေကိုလည်း သတိထားပြီးရှောင်ကြဉ်ဖို့လိုပါတယ်။

၎။ဆိုဒီယမ်လျော့စားပါ

စားတဲ့အစားအသောက်တွေမှာ ဆိုဒီယမ်မပါတာ နည်းနည်းလျော့စားလိုက်ရုံနဲ့ သွေးဖိအားကို ၂ မီလီမီတာမာကျူရီကနေ ၈ မီလီမီတာမာကျူရီကြား လျော့နည်းစေပါတယ်။ များများလျော့စားရင်ပိုပြီးသိသိသာသာ သွေးတိုးကျပါတယ်။

• ဆိုဒီယမ် စားသောက်မှုကို တွက်ပါ။ အစားအသောက် ဒိုင်ယာရီလေးလုပ်ထားပြီး တနေ့မှာ ဆိုဒီယမ် ဘယ်လောက်စားသလဲဆိုတာကို ခန့်မှန်းတွက်ချက်ပါ။ ကျန်းမာတဲ့ လူငယ်တွေဟာ တစ်နေ့မှာ ဆိုဒီယမ် ၁၅၀၀ မီလီဂရမ် ကနေ ၂၄၀၀ မီလီဂရမ် အထိ လိုအပ်ပါတယ်။ အသက် ငါးဆယ်အရွယ် သွေးတိုးဝေဒနာရှင်အတွက်ကတော့ ၁၅၀၀ အောက်မှာပဲ အမြဲရှိသင့်ပါတယ်။ တကယ်လို့ အဲဒီထက်ပိုလာမယ်ဆိုရင် သွေးတိုးနဲ့ဆက်စပ်ရောဂါတွေကို ပိုပြီး အခြေအနေဆိုးသွားစေနိုင်ပါတယ်။

• အစားအစာတွေရဲ့တံဆိပ်တွေကိုဖတ်ပါ။ အစားအစာတွေဝယ်တဲ့အခါ ဆိုဒီယမ် ဘယ်လောက်ပါတယ်ဆိုတာကို မ၀ယ်ခင်မှာသေချာရွေးချယ်ပါ။ ဖြစ်နိုင်ရင် ဆိုဒီယမ် လျော့ထားတာတွေကို ရွေးချယ်ဝယ်ယူပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖျော်ရည်လိုမျိုးမှာတောင် ဆိုဒီယမ်များနေလား သတိထားပြီးကြည့်ပါ။

• အသင့်စားအစာတွေကို လျော့စားပါ။ အာလူးကြော်၊ အေးခဲထားတဲ့ ညစာတွေ၊ အသားဗူးတွေ၊ အသင့်စားနေ့လည်စာတွေ မှာ ဆိုဒီယမ်များတတ်ပါတယ်။ အဲဒါတွေကိုလျော့စားဖို့လိုပါတယ်။

• ဆားထပ်မထည့်နဲ့။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ပါပါတယ်။ ဆားအစားတခြား ဟင်းခတ်အမွှေးအကြိုင်တွေ၊ မဆလာတွေသုံးပါ။ တကယ်လို့ ဆားများများစားတာကို အကျင့်ပါနေရင် တဖြည်းဖြည်းလျော့ချပါ။

• ပိုပြီးလတ်ဆတ်တဲ့အစာတွေကိုစားပါ။ အသီးအနှံတွေနဲ့ အသင့်စားမဟုတ်တဲ့ ပဲတွေ ကိုစားပေးပါ။ အဲဒီအစားတွေမှာ ဆိုဒီယမ်နည်းနည်းပဲပါပါတယ်။

• ရေကိုစစ်ဆေးပါ။ အိမ်မှာ သုံးစွဲနေတဲ့ ရေမှာ ဆိုဒီယမ် ဘယ်လောက်ပါလဲသိထားဖို့လိုပါတယ်။ ရေမှာပါတဲ့ ဆိုဒီယမ်ကိုလည်းထည့်သွင်းတွက်ချက်မှသာ တနေ့မှာ ဆိုဒီယမ် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာကို ပိုပြီးတိတိကျကျသိနိုင်ပါလိမ့်မယ်။


၅။အရက်သောက်သုံးမှုကိုဆင်ခြင်ပါ

အရက်ဟာ ကျန်းမာရေးအတွက် အကောင်းရော အဆိုးပါဖြစ်စေပါတယ်။ အရက်အနည်းငယ်သောက်သုံးခြင်းဟာ နှလုံးခုန်ရပ်ခြင်း (heart attack) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သလို သွေးဖိအားကို ၂.၅ မီလီလီတာ မာကျူရီကနေ ၄ မီလီမီတာ မာကျူရီအထိ လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အရက်များများသောက်တာကတော့ သွေးတိုးရောဂါကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အရက်မသောက်ပဲမနေနိုင်ရင်တော့ လျော့သောက်ပါ။ အလွန်အကျွံမသောက်မိအောင်သတိထားပါ။

၆။ဆေးရွက်ကြီးထွက်ကုန်တွေကိုရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းရဲ့တခြားဆိုးကျိုးတွေကို ထည့်မတွက်ရင်တောင် ဆေးရွက်မှာပါတဲ့ နီကိုတင်းဟာ ဆေးလိပ်သောက်ပြီးနောက်တစ်နာရီအထိ သွေးဖိအားကို ၁၀ မီလီမီတာ မာကျူရီ တက်စေပါတယ်။ တစ်နေကုန်သောက်နေမယ်ဆိုရင် သွေးဖိအားဟာ တစ်နေကုန်မြင့်နေပါလိမ့်မယ်။ ဒါကြောင့်ဆေးလိပ်သောက်တာကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေနားမှာ မနေဖြစ်အောင်လည်းသတိထားဖို့လိုပါလိမ့်မယ်။

၇။ကဖိန်းဓာတ်ကိုလျော့ချပါ။

ကဖိန်းဟာ သွေးတိုးရောဂါအတွက် အငြင်းပွားဖွယ်အနေအထားမှာပဲရှိနေပါသေးတယ်။ တစ်ချို့လူတွေမှာ ကော်ဖီသောက်လို့ ကဖိန်းဓာတ်မြင့်လာတဲ့အခါ သွေးတိုးပေမယ့် တစ်ချို့ကတော့ ပုံမှန်ပါပဲ ။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံမသောက်ဖို့နဲ့ သိပ်ပြင်းတဲ့ကော်ဖီတွေကို ရှောင်ဖို့ပဲတိုက်တွန်းပါတယ်။ ကော်ဖီအမှုန့်တွေဟာ ပြုပြင်ထားတဲ့ကော်ဖီတွေနဲ့ယှဉ်ရင် အရသာလည်းပိုကောင်းသလို ကျန်းမာရေးနဲ့လည်းပိုညီညွတ်ပါတယ်။ သွေးတိုးဝေဒနာရှင်တွေ ကော်ဖီသောက်တဲ့အခါ ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်(ကော်ဖီနှစ်ခွက်စာ) ထက်မပိုဖို့ဂရုစိုက်ပါ။

၈။ စိတ်ဖိစီးမှုကိုလျော့ချပါ။

ကဖိန်းဓာတ်လိုပဲ စိတ်ဖိစီးမှုနဲ့ သွေးတိုးရဲ့ဆက်နွယ်မှုဟာ အတိအကျ အထောက်အထားမပြနိုင်သေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဟာ သွေးဖိအားကိုခဏတော့ မြင့်စေတတ်ပါတယ်။
စိတ်ဖိစီးမှုကို မလျော့ချခင် ဘယ်လိုနေရာမှာ ကိုယ်စိတ်ဖိစီးတတ်သလဲဆိုတာကို အတိအကျလေ့လာဖို့လိုပါလိမ့်မယ်။ အလုပ်မှာ စိတ်ဖိစီးတယ်ဆိုရင် ဘယ်လိုအချိန်မှာသိသာသလဲဆိုတာကိုသေချာကိုမှတ်သားထားရပါမယ်။ စိတ်ကိုသက်သက်သာသာ အမြဲထားတတ်အောင် ကြိုးစားရပါမယ်။ စိတ်ကို ဖြတ်လတ်စေတဲ့ အပြုအမူမျိုးနဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုး(သို့) အားကစားတမျိုးမျိုးကို ပုံမှန်လုပ်သင့်ပါတယ်။ တရားနာခြင်း၊ တရားရှုမှတ်ခြင်း၊ ယောဂကျင့်စဉ်၊ ထိုက်ချိ ၊ သီချင်းနားထောင်ခြင်း ၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း အစရှိတာတွေဟာလည်း စိတ်ဖိစီးမှုအတွက် အထောက်အကူကောင်းတွေပါပဲ။
စိတ်အေးချမ်းအောင်နေပြီး သောကဖြစ်တဲ့အခါ အကြံဉာဏ်ပေးတတ်တဲ့ နားလည်စာနာတဲ့ မိတ်ဆွေမျိုးတွေနဲ့ တိုင်ပင်သင့်ပါတယ်။ တစ်ယောက်တည်းမနေဘဲ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေတွေရှိမယ်ဆိုရင် စိတ်ဖိစီးမှုဟာ သက်သာဖို့ပိုမိုလွယ်ကူပါတယ်။

၉။ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်လုပ်ပါ။

သွေးတိုးရောဂါရှိသူတွေဟာ မကြာမကြာ သွေးပေါင်ချိန်ပေးဖို့လိုပါမယ်။ လစဉ် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကိုယ်ခန္ဓာကို သတိထားပြီး အပြောင်းအလဲတွေဘာတွေဖြစ်လဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါကုသမှုကို ဂရုတစိုက်ဆောင်ရွက်သင့်ပါတယ်။ ပေါ့ဆလို့မရပါဘူး။ ဆေးကိုလည်းညွှန်ကြားချက်အတိုင်းပုံမှန် သောက်သင့်ပါတယ်။
၁၀။ ဖေးမကူညီမှုစနစ်တစ်ခုတည်ထောင်ထားပါ။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ ကျန်းမာရေးတိုးတက်လာရာမှာ အထောက်အကူကောင်းတွေဖြစ်ပါတယ်။ သူတို့ဟာ သင့်ကို အားပေးနိုင်တယ်။ ဆရာဝန်ဆီပို့ပေးနိုင်တယ်။ လေ့ကျင့်ခန်းအတူလိုက်လုပ်ပေးနိုင်တယ်။ သွေးပေါင်ချိန်ကျဖို့အတွက် တတ်နိုင်တဲ့နည်းတွေနဲ့ ၀ိုင်းဝန်းကူညီနိုင်တယ်။
မိသားစုဝင်တွေနဲ့ အချိန်ပေးပြီးစကားပြောပါ။ သွေးတိုးရောဂါအကြောင်းကိုလည်း လက်ဆင့်ကမ်းပြီးပြောပြပါ။ သူတို့တွေလည်းနားလည်တဲ့အခါ သူတို့အတွက်လည်းအကျိုးရှိစေသလို ကိုယ့်အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်ဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အတူတကွပြောင်းလဲနိုင်ပါတယ်။ သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း အတူတကွ တွန်းလှန်နိုင်ပါတယ်။


လူအများစု ဟာ သွေးတိုးရောဂါကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နေထိုင်စားသောက်မှုပုံစံကို မလုပ်ဖြစ်ကြပါဘူး။ အဲဒါကြောင့်ပဲ သွေးတိုးရောဂါဆိုတဲ့ အသံတိတ်လူသတ်သမားဟာ ၂၁ ရာစုရဲ့ ရောဂါတော်တော်များများမှာ ဆက်စပ်ပါဝင်လာတာဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးတဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလေး ၁၀ ခုလောက်ကို ဂရုတစိုက်လိုက်နာသွားရုံနဲ့ သွေးတိုးရောဂါကို အောင်မြင်စွာခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်။



ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။

စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။

ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။

ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးစုဘဏ်တွင် ၃၀. ၆ . ၂၀၁၁ ( ကြာသပတေးနေ့ ) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို.စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို.ငှာ ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးစုဘဏ်တွင် ၃၀. ၆ . ၂၀၁၁ ( ကြာသပတေးနေ့ ) ၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

သင့်သွေးတစ်စက်ဖြင့်ကုသိုလ်ယူပါ...

သွေးနဲ့ကိုယ် သားနဲ့ ကိုယ်-ဆိုတဲ့ စကားအတိုင်း ကိုယ်ခန္ဓာမှာ သွေး-ဆိုတာ မရှိမဖြစ် အရေးပါတယ်ဆိုတာ သိကြပါတယ်။ သွေးနီဆဲလ်မှာပါဝင်တဲ့ ပဋိလှုံ့ဒြပ် (Agglutinogens) ပါဝင်မှု ပုံစံပေါ်မူတည်ပြီး သွေးအုပ်စုကြီး လေးစု ခွဲခြားထာပါတယ်။ အများသိပြီးဖြစ်တဲ့ A. B. AB နှင့် O ဆိုတဲ့ သွေးအုပ်စုများပဲ ဖြစ်ပါတယ်။

သွေးသွင်းကုသခြင်း၊ ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ ဖခင်မျိုးရိုး ခွဲခြားခြင်း၊ မှုခင်းကိစ္စရေးရာများ ဖော်ထုတ်ခြင်း စသည့် အကြောင်းခြင်းရာများမှာ သွေး-ကို စစ်ဆေးပြီး မှန်ကန်တိကျတဲ့ အဖြေကို ထုတ်ပေးနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ခန္ဓာတွင်းက သွေးအုပ်စု၊ သွေးအမျိုးအစားကို သိထားဖို့ လိုပါတယ်။

ဒါ့အပြင် လူတယောက်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေကို သွေးဖြင့် ခိုင်းနှိုင်းထင်ဟပ်ပုံဖော်ပြောလေ့ ရှိကြပါတယ်။ ဥပမာ-စည်းလုံးညီညွတ်လျှင် သွေးစည်း-တယ်၊ မာနထောင်လွှားလျှင် သွေးကြီး-တယ်၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ရင် သွေးစုပ်-တယ်၊ သတ္တိနည်းလျှင် သွေးကြောင်-တယ်၊ စသည်ဖြင့် သွေးကို ပမာပြု ခိုင်းနှိုင်းညွှန်းဆိုကြခြင်းပဲ ဖြစ်ပါတယ်။ လူရဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေတဲ့ ပြယုဂ်အဖြစ် သွေးကို ညျွှန်းဆိုထားတာကြောင့် စကားပြောသော သွေး-ရယ်လို့ တင်စားကြပါတယ်။

အမှန်တကယ်ပဲ သွေး-ဟာ လူရဲ့ စိတ်နေစိတ်ထားကို လွှမ်းမိုးထင်ဟပ်နေကြောင်း တရုတ်လူမှု စိတ်ပညာရှင် များက စမ်းသပ်လေ့လာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လူတယောက်ရဲ့ သွေးအမျိုးအစား၊ သွေးအုပ်စုကိုသိရင် အဲဒီလူရဲ့ စိတ်နေစိတ်ထားကို အကြမ်းဖျင်း ယေဘုယျသဘော ခန့်မှန်းလို့ရပြီဖြစ်ပါတယ်။ သွေးအုပ်စုကြီး လေးစု ခွဲခြားထားတဲ့အတွက် စိတ်နေစိတ်ထား စမ်းစစ်ခန့်မှန်းခြင်းကို နည်းလေးမျိုး ခွဲခြားကြည့်ကြပါစို့။

၁။ A-သွေး အမျိုးအစား စိတ်နေစိတ်ထား
A-သွေး ပိုင်ရှင်တွေဟာ တည်ငြိမ်တယ်။ သိမ်မွေ့နူးညံ့ကြတယ်။ ချင့်ချင့်ချိန်ချိန် လုပ်တတ်တယ်။ စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်။ သေသေသပ်သပ် လုပ်တတ်တယ်။ လုပ်ထားတဲ့အလုပ်ကို ပြန်ဝေဖန်သုံးသပ်ကြတယ်။ လုံ့လ၀ီရိယရှိတယ်။ စိတ်လှုပ်ရှားလွယ်တယ်။ ရိုကျိုးနှိမ့်ချတတ်တယ်။ ကိုယ်ချင်းစာနာစိတ် အပြည့်အ၀ရှိတယ်။ စွန့်လွှတ် အနစ်နာခံခြင်းဖြင့် ပေါင်းသင်းဆက်ဆံတတ်ကြတယ်။

သူတို့ဟာ ခံစားချက် ကြွယ်ဝကြတယ်။ လူတယောက်ရဲ့ စိတ်ဝင်စားမှုကို လွယ်လင့်တကူ ရရှိတတ်ကြတယ်။ တွေးခေါ်စဉ်းစားခန်းတွေ အများကြီး ထုတ်ထားပေမယ့် လက်တွေ့ရည်မှန်းချက်ကိုတော့ ဖော့ထားတတ်ကြ တယ်။ စိတ်လိုက်မာန်ပါလုပ်လေ့ရှိတယ်။ အလုပ်လုပ်ရာမှာ ပြတ်ပြတ်သားသား မရှိကြဘူး။ အပင်ပန်း မခံနိုင်ဘူး။ ဆူညံပူညံတွေကို မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်း မရှိဘဲ မျိုသိပ်တတ်တယ်။ အရှက်အကြောက်လည်း ကြီးတတ်ကြတယ်။ ဒါကြောင့် အထီးကျန် ဆန်လေ့ရှိတယ်လို့ ဆိုပါတယ်။

A-သွေး ပိုင်ရှင်တွေဟာ များသောအားဖြင့် ဆရာ၊ သူနာပြု၊ မန်နေဂျာ၊ အတွင်းရေးမှူး၊ ဗိသုကာ ပညာရှင်၊ အနုပညာရှင် စသည့် အလုပ်အကိုင်တွေမှာတွေ့ရလေ့ရှိတယ်။ ၃-၆-ဂဏန်းနံပါတ်တွေဟာ A-သွေး ပိုင်ရှင်တွေကို ကံကောင်းစေတယ်လို့ ဆိုပါတယ်။


၂။ B-သွေး အမျိုးအစား စိတ်နေစိတ်ထား
B-သွေး ပိုင်ရှင်တွေဟာ ပင်ကိုဗီဇကတည်းက လွတ်လပ်ပျော်ရွှင်မှုကို နှစ်ခြိုက်ကြတယ်။ သွက်သွက်လက်လက်၊ ဖျတ်ဖျတ်လတ်လတ် ရှိကြတယ်။ လှုပ်လှုပ်ရှားရှား နေရတာကြိုက်တယ်။ ဉာဏ်ကောင်းတယ်။ စိတ်အားထက်သန်တယ်။ ပကာသန မမက်မောကြဘူး။ အပြုတွေး အကောင်းမြင်ဝါဒီသမားတွေ ဖြစ်တယ်။ စာနာညှာတာစိတ်လည်း ရှိကြတယ်။ ရင်းနှီးဖော်ရွှေတတ်လို့လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ်။ အာရုံခံစားလွယ်တတ်တယ်။ စည်းကားတဲ့နေရာဒေသတွေကို သွားလာလည်ပတ်ရတာ ၀ါသနာပါကြတယ်။

သူတို့ဟာ စကားများများပြောတတ်ကြတယ်။ လူတွင်ကျယ်၊ လူတတ်ကြီး လုပ်လေ့ရှိတယ်။ အသုံးအစွဲလည်း ကြမ်းကြတယ်။ အကြွားအ၀ါလည်း သန်ကြတယ်။ အငြင်းအခုံနဲ့ ပြောတတ်တယ်။ အလုပ်တခုကို ပြီးမြောက်တဲ့အထိ ဆက်လုပ်လိုစိတ် နည်းပါးတတ်တယ်။ စိတ်ပျက်လွယ်တယ်။ အမြဲတမ်း စိတ်နှစ်မျိုးနှစ်ခွနဲ့ ဒွိဟဖြစ်နေလေ့ရှိတယ်။ တခါတရံ ကလေးဆန်တတ်တယ်။ စိတ်ဓာတ်မခိုင်မာဘူး။သတ္တိကောင်းပေမယ်လို့ ပေါတီးပေါ့ဆနေတတ်ကြတယ်။

B-သွေး ပိုင်ရှင်တွေဟာ များသောအားဖြင့် အနုပညာရှင်၊ ဒီဇိုင်းဖန်တီးရှင်၊ စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်သူ၊ သံတမန်ရေးရာ ကျွမ်းကျင်သူ၊ ရုပ်ရှင်-ဗီဒီယို သရုပ်ဆောင် စသည့် အလုပ်အကိုင်တွေမှာ တွေ့ရလေ့ ရှိတယ်။ ၃-၇ ဂဏန်းတွေဟာ B-သွေး ပိုင်ရှင်တွေကို ကံကောင်းစေတယ်လို့ ဆိုပါတယ်။


၃။ AB-သွေး အမျိုးအစား စိတ်နေစိတ်ထား
AB-သွေး အမျိုးအစားပိုင်ရှင်တွေမှာရှိတဲ့ ထူးခြားချက် တခုကတော့ သိရခက်ခဲနက်နဲတဲ့ ဆဋ္ဌမအာရုံ (Sixth Sense) ခေါ် မသိစိတ်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ သူတို့ဟာ သဘောပေါက်နားလည်လွယ်ကြတယ်။ ကိုယ်ချင်းစာနာစိတ် ပြည့်ဝတယ်။ အရာရာကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိကြတယ်။ ပူးပေါင်းဆောင်ရွက်မှုကို အထူးအရေးပေးကြတယ်။ ပျူငှာလှိုက်လှဲမှု ရှိတယ်။ ဖော်ရွှေယဉ်ကျေးမှု ရှိတယ်။

သူတို့ဟာ ဒေါသထွက်လွယ်လေ့ရှိတယ်။ စိတ်ဆတ်တယ်။ စိတ်အပြောင်းအလဲ မြန်တတ်တယ်။ မကျေနပ်ချက်တွေကို တေးမှတ် စုထားလေ့ရှိတယ်။ တခါတရံ ကလေးဆန်တတ်ကြတယ်။ အာရုံထွေပြားလွန်းတတ်တယ်။ ချီတုံချတုံ ဖြစ်တတ်တယ်။ ဘယ်အရာမဆို အလေးအနက်ထားပြီး စဉ်းစား တွေးခေါ်တတ်ကြတယ်။ စိုးရိမ်ကြောင့်ကြကြီးတယ်။

AB-သွေး ပိုင်ရှင်တွေဟာ များသောအားဖြင့် စီးပွားရေးလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်၊ စက်မှုလက်မှု အတတ်ပညာရှင်၊ ဖန်တီးထုတ်လုပ်သူ၊ အစီအစဉ် ဖော်ဆောင်သူ စသည့် အလုပ်အကိုင်တွေမှာ လုပ်ကိုင် ကြတာကို တွေ့ရပါတယ်။ ၄င်းတို့ဟာ အရောင်ရင့်များကို လိုက်ဖက်ညီစွာ ရွေးချယ်သုံးစွဲသင့်ကြောင်း၊ ၃-၀ ဂဏန်းများမှာ ကံကောင်းစေသော နံပါတ်များဖြစ်ကြောင်း သိရှိရပါတယ်။


၎။ O-သွေး အမျိုးအစား စိတ်နေစိတ်ထား
O-သွေး ပိုင်ရှင်တွေဟာ စိတ်ခွန်အားပြည့်သူတွေ ဖြစ်ကြတယ်။ ဉာဏ်ပညာကောင်းကြတယ်။ စိတ်ဓာတ်ရင့်ကျက် ထက်သန်တယ်။ ရည်မှန်ချက် မြင့်မြင့်မားမား ထားတတ်တယ်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အ၀နဲ့ တည်ဆောက်တတ်ကြတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားတွေးခေါ် တတ်ကြတယ်။ အရာရာကို မျှမျှတတ မြင်တယ်။ လက်တွေ့ဆန်တယ်။ ဇွဲကောင်းတယ်။ ဖြစ်ချင်တာ၊ လိုချင်တာကို ဖြစ်အောင်၊ ရအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ပိုင်ဆင်သူတွေ ဖြစ်ကြတယ်။

သူတို့ဟာ ခေါင်းမာသူတွေ ဖြစ်တတ်တယ်။ ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းတတ်ပြီး တကိုယ်ရေ ၀ါဒီသမားတွေ ဖြစ်ကြတယ်။ တခါတရံ ဘက်လိုက်မှုတွေ-တဖက်စောင်းနင်း လုပ်ရပ်တွေ လုပ်တတ်ကြတယ်။
O-သွေး ပိုင်ရှင်တွေဟာ များသောအားဖြင့် စာရေးဆရာ၊ စာနယ်ဇင်းသမား၊ သတင်းထောက်၊ အနုပညာရှင်၊ တေးသံရှင်၊ အားကစားသမား၊ ရှေ့နေ စသည့် အလုပ်အကိုင်တွေ တွေ့ရလေ့ရှိတယ်။ ၂-၅-၀-ဂဏန်းများဟာ O-သွေး ပိုင်ရှင်တွေကို ကံကောင်းစေတယ်လို့ ဆိုပါတယ်။

လူတယောက်ရဲ့ စိတ်ကိုသိလျှင် ဒီလူကို ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ ဆိုတာ မခက်ခဲတော့ပါဘူး။ စိတ်ချင်းပေါင်းသင်းမလား၊ သွေးအုပ်စုကို ကြည့်ပြီး အဖြေညှိလို့ ရပါပြီ။ ဒါဟာ နက္ခတ်၊ ဗေဒင်၊ လက္ခဏာ စတဲ့ ပညာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်သော သိပ္ပံနည်းကျ "စိတ်လေ့လာခွဲခြမ်းမှုပညာ"-တရပ်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

သိန်းထိုက်
(လိုက်ဖ်စတိုင်လ် ၂၀၀၁-ခု ဇန်န၀ါရီလ)
ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။

(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)

ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။

၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။

၂။ ရှာနိုင်ဖွေနိုင်တုန်း အရွယ်ကောင်းတုန်းက ဥစ္စာမရှာခဲ့မိရင် အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်ပြီဆိုတော့မှ စားစရာမရှိ၊ ၀တ်စရာ မရှိနဲ့ နောင်တတဖန် ပူပန်ရတတ်ပါတယ်။

၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြတာကို သူတို့အချစ်ပျက်အောင် ကိုယ်က လုပ်ခဲ့မိရင်လည်း နောင်တတဖန် ပူပန်ရတတ်ပါတယ်။

၎။ သူများအသက်ကို သတ်မိပြန်ရင်လည်း ပူပန်ရတတ်ပါတယ်။

၅။ သူ့သားမယား ပြစ်မှားမိတဲ့လူလည်း စိတ်ဆင်းရဲရတာပါပဲ။

၆။ လှူနိုင် တန်းနိုင်တုန်းမှာ မလှူမိ၊ မတန်းမိခဲ့ရင်လည်း နောင်မှာ နောင်တ ရတတ်တာပါပဲ။

၇။ ဒါကတော့ ဒီနေရာမှာ အရေးအကြီးဆုံးပါ။
မွေးမြူ မိဘ၊ မပြုရ-တဲ့။
သြော်-ငါ့အဖေ၊ ငါ့အမေ သက်ရှိထင်ရှားရှိတုန်းလေး ဘာမှမကျွေးလိုက်နိုင်ပါလား၊ မပြုစုလိုက်ရပါလားလို့ အမေအဖေ မရှိတော့ပြီဆိုတော့မှ နောင်တရတတ်ပါတယ်။
ဒီနောင်တကတော့ ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါဘူး။ အမေ အဖေ မရှိတာနဲ့ တပြိုင်နက် တခါတည်း ရတဲ့နောင်တမျိုးပါ။

၈။ လူကြီးသူမတွေ ပြောဆိုဆုံးမတာ နားမထောင်မိခဲ့ရင်လည်း ဒုက္ခရောက်ပြီဆိုတာနဲ့ တပြိုင်နက် နောင်တရတာပါပဲ။

၉။ ကိုယ်သိချင်တာရှိရင် ပညာရှိတွေကို မေးရပါတယ်။ မေးရ၊ မြန်းရ၊ မှတ်သားရပါတယ်။ မမေးရင်၊ မမှတ်သားရင်၊ မနာခံရင် အကြောင်းအရာတွေကို မသိနိုင်ပါဘူး။ မသိနားမလည်တဲ့အတွက် မရှိတာထက် မသိတာခက်ပြီဆိုတော့မှ သြော်-ငါ မမေးမိလေခြင်း-လို့ နောင်တရတတ်တာပါ။

၁၀။ အမြတ်မကျင့်-တဲ့။
လူ့ဘ၀ရောက်လာတဲ့အခိုက် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို စာရင်းချုပ်လိုက်တော့ ကောင်းတာရယ်၊ ဆိုးတာရယ်၊ ယုတ်တာရယ်၊ မြတ်တာရယ်လို့ နှစ်မျိုးပဲရှိကြပါတယ်။
ကောင်းတာ မြတ်တာ မလုပ်မိပါဘဲနှင့် ဆိုးတာ ယုတ်တာတွေကိုပဲ လုပ်နေမိရင်လည်း နောင်မှာ နောင်တ ရပြန်တာပါပဲ။

ဒါကြောင့် နောင်တတရား ဆယ်ပါးထဲမှာ ပါတဲ့ မွေးမြူမိဘ၊ မပြုရ-ဆိုတဲ့အတိုင်း မိဘတွေကို ပြုစုလုပ်ကျွေး မွေးမြူမှု၊ မပြုလိုက်ရရင် နောင်တ မရကြရအောင်
မိဘကို မသေခင်မှာ ပြုစုလုပ်ကျွေးပါ- သေမှ ငိုမနေပါနဲ့တော့၊ နောင်တ မရကြပါနဲ့တော့လို့ မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒအတိုင်း သတိပေးလိုက်ရပါတယ်။
သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍ ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။

ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။
မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သင် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော

မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။

တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၄င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၄င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်---ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။

မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။

အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။

လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။

ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။

အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။

ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။

လှသမိန်
( Lifestyle 1999-July)

၂၀၁၁ ခုနှစ် မေလ ၁၇ ရက် နေ့တွင် သံဃာတော် ၁၁ ပါးတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး ကဆုန်ညောင်ရေသွန်း ပွဲတော်နှင့် အတူ သာကူ...ရွှေရင်အေး စတုဒီသာ တိုက်ကျွေးပွဲကို ဗိုလ်တထောင်ရင်ပြင်ပေါ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ ခဲံ့ကြသည်။


စာရေးသူ တို့ အသင်းဖြစ်သော ဗုဒ္ဓ၀ံသရက္ခိတ အသင်းသား ၊ အသင်းသူ များမှ ဦးစီး၍ ၁၇ ရက် မေလ အင်္ဂါနေ့ တွင် ဗုဒ္ဓ၀ံသရက္ခိတ အသင်း မှ တည်ထားကိုကွယ်ထားသော ဗော်ဓိညောင်ပင်ကြီးတွင် အမွေးနံ့သာတို့ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းခဲ့ပြီ...နံနက် ၉ နာရီ မှ စတင်၍ ဘုရားဖူးလာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်း တို့အား အရုတ် အလပ် အမြတ် မရွေးဘဲ သာကူ အချိုရည်ကိုတိုက်ကျွေးခဲ့ပါသည်။


၁၀ နာရီ ၃၀ မိနစ် မိနစ်အချိန်တွင် သံဃာတော် ၁၁ ပါး တို့အား နေ့ဆွမ်းဆက်ကပ်ပူဖော် တရားတော် များနာယူခဲ့ပါသည်။


နေ့လယ် ၁၂ ကျော်တွင် ခဏနားပြီး အသင်းသား အသင်းသူ များမှ ထမင်း စားကြပါသည်။


နေ့လယ် ၁ နာရီ တွင် စတင်၍ ရွှေရင်အေး တိုက်ကျွေးခဲ့ပါသည်။ လာရောက်သုံးဆောင်ကြသူများမှာ အရုတ် အလပ် အမြတ် မရွေး သုံးဆောင်နေကြသည်မှာ ကြက်ပျံမကြ ပြောရလောက်အောင် စည်းကားခဲ့ပါသည်။ကြက်သီးမွေးများထရမလောက်ပင် ပီတိ ကုသိုလ်ဖြစ်ရပါသည်။


စာရေးသူအဘယ်ကြောင့်ပြောရသလည်းဆိုရင် စာရေးသူမှာ ကိုယ်တိုင် ကိုယ်ကျ စား ပန်းကန် လိုက်လံသိမ်းဆည်း ပြီး မုန့်ပွဲများ လိုက်လံ ချပေးရသူဖြစ်သောကြောင့် ရဲရဲကြီးပြောရချင် ဖြစ်ပါသည်။


မုန့်လက်ဆောင်ရွှေရင်အေး ပေါင်မုန့်နိဆမ်းများ ကို ညနေ ၆ နာရီအထိတိုက်ကျွေးခဲ့ပြီးမုန့်များကုန်သွားအခါ အသင်းလူကြီး များဖြစ်ကြသော ဦးတင်အေး ကိုညီထွေးအောင် ကိုမောင်မောင်အေး ကိုစိုးဦး တို့မှ ကုသိုလ်ပီတိပွားလျှက် ထပ်မံ၍ သာကူအချိုရည်များ ကို ဆက်လက်တိုက်ကျွေးခဲ့ပါသည်။လာရောက်စားသောက်သူများမှာ ကုန်သွားသည်မရှိဖြစ်ရပါသည်။သည်လိုကုသိုလ်မျိုးတွေ့ဖို့ရာ ခက်ခဲပေလိမ့်မည်။


အသင်းလူကြီးတစ်ဦးဖြစ်သော ကိုမျိုးမင်း ( ဓမ္မခေါင်းလောင်း ) မှ ဘုရားပုံတော် များကို ဓမ္မဒါန အဖြစ် ပူဇော်ခဲ့ပါသည်။


သာကူအချိုရည်များကို ည ၈ နာရီ အထိ လှူဒါန်းခဲ့ပါသည်။


ညောင်ရေသွန်းလောင်းပွဲ ကို ည ၈ နာရီ ခွဲ တွင် ပြီးစီးခဲ့ပါသည်။


စာရေးသူတို့ မှာလည်း ပစ္စည်းသိမ်း ရပါသေသည်။ ည ၁၀ ခွဲ မှ ဘုရားမှပြန်ခဲ့၇ပါသည်။
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်း ၀တ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့်ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်း အဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်းကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့် ၀ိနည်းတော် (စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မ ဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန် အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာ ဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ် တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာ ရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေ တို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာ ဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်း အထိပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့် တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသော ပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီဖြည့်ကျင့်ခဲ့သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံတို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော
တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-
(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊
ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊
ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊
သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊
အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)
သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)

(နတ္ထိ ဘန္တေ- မရှိပါဘုရား)


(၂) မနုဿာ အတ္ထ
မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)


(၃) ပုရိသာ အတ္ထ
ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)

(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)



(၄) ဘုဇိသာ အတ္ထ
ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)

(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)


(၅) အဏဏ အတ္ထ
အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)

(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)


(၆) နတ္ထ ရာဇာဘဋာ
ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)

(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)

မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်း များဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ
နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)

(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)


(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ
ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)

(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)


(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ
တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။

(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)


(၁၀) ကိံနာမာ အတ္ထ
ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-

[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]

(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)

ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-

[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)


ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံ အတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့် အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစ ကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။
ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျန သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါးရှိထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင် ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ် သောရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေရပါမည်။
ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆိုတော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသော ပါဠိအဓိပ္ပါယ်တို့ကို နားမလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိကပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆို ကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ် လျှင် သုံးခေါက်ရွတ်ဆိုကြ၏။
သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေး နေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး”စသည့် ရှင်လေးပါးမှဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေ ကောင်းဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြသည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။
“ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင်ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃ ရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရ သော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရ မည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရ သည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။
ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါး များရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ် ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။”
(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။”)
ကျောင်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။”
(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။”

ဆွမ်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။”
(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”
ဆေးပစ္စည်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။”
(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။”

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ
“ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါး တို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့ မရသောကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ပါရာဇိကလေးပါးတို့မှာ-

(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။
အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌ မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင်ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင် ခြင်သင့်လှပေသည်။
ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။ ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသော အခြေအနေ များကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် သောသီလတော်မြတ်များကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါး ဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။



ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာ တွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ် တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ
ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား)
ကြီး။ သာဓု အာဟုသော သာဓု သာဓု။
(ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ)
ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား)
ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်)
ငယ်။ အာမ ဘန္တေ ပဿာမိ။
(မှန်ပါ၊ ရှုပါသည်ဘုရား)
ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။
(နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်)
ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
(ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား)
ကြီး။ သာဓု အာဝုသော သာဓု သာဓု။
(ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ)

သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ
ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)
ကြီး။ အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်)
ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား)
ကြီး။ အာမ အာဝုသော ပဿာမိ။
(ရှုပါသည် ငါ့ရှင်)
ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။
(နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား)
ကြီး။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
(ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)

ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။

သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိ လျက်နှင့် တရားအားထုတ်က မည်မျှပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအား ထုတ်ပါလေ။
ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။ ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ် ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့် အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့် လှ၏။ သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေ သည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။

လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန် ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ် လာတတ်ကြ၏။ စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ ရသည့် ဒုလ္လဘရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်း ညူရှာလေ၏။ မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။

ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။ မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ် မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။ ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။

ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀ သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေးစဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာ တော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။ မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာ မှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန်ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစားများဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံ သရာတွင်လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သိက္ခာတော်များ ကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိ ရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။

ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။ လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာ တော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေ ကုန်သတည်း။



ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)



ထွန်းထွန်းလှိုင်